ကျားခဲရွာက ဒေသခံ ၄ ဦးကို မီးရှို့သတ်တဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

ကျားခဲရွာက ဒေသခံ ၄ ဦးကို မီးရှို့သတ်တဲ့စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

မကွေးတိုင်း၊ ထီးလင်းမြို့ကထွက်လာတဲ့ အင်အား ၈၀ ပါ စစ်ကောင်စီစစ်ကြောင်း အောက်တိုဘာ ၂၅ ရက်မှာ ဒရုန်းနဲ့ဗုံးကြဲခံရတဲ့အပြင် တိုက်မိုင်းလည်းနင်းမိတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Yaw Revolution Army - ထီးလင်းအဖွဲ့ဆီက သိရပါတယ်။

စစ်ကြောင်းစထွက်လာချိန် ည ၁၁ နာရီကျော်က ထီးလင်းမြို့အထွက်မှာ ဗုံးသီး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး အဲ့ဒီနောက်မှာ ဒေသခံကာကွယ်ရေးတပ်တွေထောင်ထားတဲ့ တိုက်မိုင်းကို နင်းမိခဲ့ကြတာလို့ ဆိုပါတယ်။ 

“ဒရုန်းနဲ့ ဗုံးသီးချတာရော သူတို့တိုက်မိုင်းမိတာရောရှိတယ်။ သူတို့နောက်နေ့ ပြန်ဆုတ်တဲ့အချိန်မှာ ၄ လောင်းပါသွားတယ်။ ဒဏ်ရာရသူတွေလည်းပါတယ်။” လို့ Yaw Revolution Army - ထီးလင်းတာဝန်ခံ ကိုကောင်းက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့စစ်ကောင်စီတပ်သား ၄ ဦးကို အောက်တိုဘာ ၂၆ ရက် နေ့လယ်ပိုင်းက ထီးလင်းမြို့သင်္ချိုင်းမှာမြေမြှုပ်ခဲ့တယ်လို့သိရပြီး အဲ့ဒီထဲမှာအရာရှိ ၁ ဦးပါတယ်လို့ ပြန်ကြားရပေမယ့် ဒါကိုတော့အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၂၆ ရက် မနက် ၄ နာရီလောက်မှာ ကျားခဲရွာထဲကိုဝင်ပြီး ပြည်သူ ၄ ဦးကို မီးရှို့သတ်ကာ ဒေသခံကာကွယ်ရေးရဲဘော် ၁ ဦးကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ Yaw Revolution Army - ထီးလင်းတာဝန်ခံ ကိုကောင်းက ပြောပါတယ်။

ကျားခဲရွာသားတွေဖြစ်တဲ့ ဦးမျိုးကျော်၊ ဦးသန်းစိန်မင်း၊ ကိုဝင်းဆန်းဦးနဲ့ ကိုမင်းသူတို့ ၄ ဦး မီးရှို့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ခွင့်ရက်နဲ့ ရွာပြန်လာတဲ့ ဂန့်ဂေါအခြေစိုက်တပ်ရင်း ၁ ခုက ရဲဘော်ကတော့ ကျည်ထိမှန်ဒဏ်ရာနဲ့ ကျဆုံးခဲ့တာပါ။ 

ဒီစစ်ကြောင်းဟာ ကျောက်ထုအမြောက်တပ်၊ ခလရ ၅၀၊ တပ်မ ၇၇ တို့က တပ်သားတွေ ပူးပေါင်းထားတဲ့စစ်ကြောင်းဖြစ်ပြီး ဒီမနက် ၈ နာရီဝင်ကျင်မှာ ထီးလင်မြို့ထဲကို ပြန်ဝင်သွားပြီလို့လည်း ဆိုပါတယ်။ 

ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီကခြေလျင်စစ်ကြောင်းထိုးတာအပြင် လေကြောင်းနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်ကလည်း အိုင်မရွာထဲနဲ့ စာသင်ကျောင်းတဝိုက်ကို ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။ 

ပုံစာ - စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည့်နေရာ။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ထီးလင်း #တိုက်မိုင်းမိ #စစ်ကောင်စီ #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10