ကျားဘီလူးစစ်ကြောင်းကို BNRA တပ်က တိုက်ခိုက်၊ ၈ ဦးသေပြီး သေနတ် ၁ လက်နဲ့ ကျည်ဆံတချို့ရ

ကျားဘီလူးစစ်ကြောင်းကို BNRA တပ်က တိုက်ခိုက်၊ ၈ ဦးသေပြီး သေနတ် ၁ လက်နဲ့ ကျည်ဆံတချို့ရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ ယင်းမာမြို့နယ်အတွင်း အင်အား ၁၅၀ နဲ့ လှည့်လည်စစ်ကြောင်းထိုးပြီး ကျေးရွာတွေက ပစ္စည်းတွေကို ဖျက်ဆီးနေတဲ့ ကျားဘီးလူးစစ်ကြောင်းကို ပုလဲမြို့ နဲ့ ယင်းမာပင်ကြားမှာ BNRA အဖွဲ့က စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ဗမာ အမျိုးသားတော်လှန်ရေးတပ်မတော် - BNRA အဖွဲ့ဆီက သိရပါတယ်။ 

အောက်တိုဘာ ၃၀ ရက်က ပုလဲမြို့နယ်၊ စည်ပင်ကျေးရွာနဲ့ ဘူးလဲကျေးရွာအကြားမှာ ညနေ ၃ နာရီခွဲအချိန် စောင့်ကြိုတိုက်ခဲ့သလို နိုဝင်ဘာ ၁ ရက်မှာလည်း မြောက်ပိတောက်ကုန်းအနောက်ဘက် မြောက်ယမားဆည်‌အနီးမှာ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန် စနိုက်ပါနဲ့ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRAပြောရေးဆိုခွင့်ရှိသူ ကိုဆာန်က ပြောပါတယ်။


အောက်တိုဘာ ၃၀ ရက် ပုလဲမြို့နယ်၊ စည်ပင်ကျေးရွာနဲ့ ဘူးလဲကျေးရွာအကြားမှာ ညနေ ၃ နာရီခွဲအချိန် BNRA အဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ငါးကြင်းမြီး စက်လက်ကိုင်ဆောင်ထားသူနဲ့ ၆၀ မမ ပစ်သူအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပြီး ၉ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ကိုဆာန်က ဆိုပါတယ်။  

၆၀ မမ စိန်ပြောင်းပစ်တဲ့သူကိုတော့ ကျနော်တို့ စနိုက်ပါသမားက ပစ်ခတ်တာ။ ရန်သူ့ဘက်ကတော့ ချက်ခြင်း ဆုတ်ခွာတယ်”  လို့ တိုက်ပွဲအခြေအနေကို BNRA ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်က ပြောပါတယ်။

နိုဝင်ဘာလ ၁ ရက် ပုလဲမြို့နယ်၊ မြောက်ပိတောက်ကုန်းရဲ့ အနောက်ဘက် မြောက်ယမားဆည်အနားမှာ ကျားဘီလူး စစ်ကြောင်းထွက်လာချိန် BNRA ရဲ့ စနိုက်ပါတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပါတယ်။ 

ကျားဘီးလူးစစ်ကြောင်းဘက်ကနေ G3 ၁ လက်၊ G3 ကျည် ၁၃ တောင့်၊ ၆၀ မမ ကျည် ၂ ခု၊ လက်ကိုင်ဖုန်း ၁၇ လုံး၊ အထိုင်ဖုန်း ၁ လုံးနဲ့ ရွှေတိုရွှေစတချို့ကို BNRA က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။  

သိမ်းဆည်းရမိခဲ့တဲ့ ရွှေတိုရွှေစတွေကိုတော့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ကာ ပြည်သူတွေထံ စုံစမ်းပြီး ပြန်လည်ပေးအပ်သွားမှာ ဖြစ်တယ်လို့ ကိုဆာန်က ဆိုပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အတွင်းလှည့်လည်ကာ ပြည်သူ့ အိုးအိမ်စည်းစိမ်တွေကို လုယက်နေပြီး ဓားစာခံပြည်သူတွေကို ဖမ်းဆီးနေတဲ့ စစ်ကြောင်းဖြစ်ပါတယ်။ 

အဲဒီစစ်ကြောင်းဝင်ရောက်သွားတဲ့ ကျေးရွာတွေမှာ ကျားဘီလူးစစ်ကြောင်းဆိုတဲ့ စာတွေရေးသားသွားလေ့ရှိတာကြောင့် ဒေသခံတွေက ကျားဘီလူးစစ်ကြောင်းလို့ ခေါ်နေကြတာ ဖြစ်ပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ပုလဲမြို့နယ် #ယင်းမာမြို့နယ် #BNRA #ကျားဘီလူးစစ်ကြောင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10