သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူး၊ ရန်ကုန်နဲ့ မွန်ဒေသတွေက တော်လှန်ရေးအင်အားစုတွေပါဝင်ပြုလုပ်တဲ့ အစည်းအဝေးနေရာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ ၃ ဦးကျဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့သူ အဖွဲ့ဝင်တွေထံက သိရပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုနယ်၊ ပိန္နဲကုန်းကျေးရွာအတွင်း ပဲခူးတိုင်းနဲ့ KNU တပ်မဟာ ၁ လက်အောက် တော်လှန်ရေးအင်အားစုတွေ အစည်းအဝေးပြုလုပ်နေချိန် ဖေဖော်ဝါရီ ၁၃ ရက် မနေ့မနက် ၁၁ နာရီခန့်မှာ စစ်ကောင်စီတပ်က ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"ကျနော်တို့ ဒီဘက်က အဖွဲ့တွေအစည်းအဝေးလုပ်နေချိန်မှာ ပေါင် ၂၀၀ နဲ့လာချသွားတာ၊ စုစုပေါင်း ၄ လုံး။ ၃ မိနစ် ၄ မိနစ်လောက်ခြားလာချတာ။ တစီးပြီးတစီးလှည့်ပြီးချတာ။ စခန်းပတ်လည်ကိုကျတာ။” လို့ အစည်းအဝေးတက်ရောက်ခဲ့သူ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရလို့ အစည်းအဝေးတက်ရောက်ခဲ့သူတွေအနက် ဒိုက်ဦးပကဖ အဖွဲ့ဝင် ၁ ဦး၊ ခရမ်းပကဖ အဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၃ ဦး ဗုံးစထိမှန် ကျဆုံးခဲ့ပြီး နောက်ထပ် ၅ ဦး ထိခိုက်ဒဏ်ရာရသွားသလို ကျေးရွာဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂ လုံးပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးတပ်ဖွဲ့ဝင်တွေရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ပတ်သက်ပြီး လုံခြုံရေးအခြေအနေအရ ထုတ်ဖော်ပြောလို့မရနိုင်သေးဘူးလို့ ၎င်းက ဆိုပါတယ်။
ကျိုက်ထိုနယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပြုလုပ်တဲ့အစည်းအဝေး လေကြောင်းကဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကျဆုံးမှုရှိခဲ့ကြောင်း ကျိုက်ထိုနယ်အတွင်းလှုပ်ရှားနေတဲ့ နောက်ထပ် PDF တပ်ဖွဲ့ဝင်တဦးကလည်း အတည်ပြုပါတယ်။
အစည်းအဝေးလုပ်နေချိန် လေကြောင်းကနေ လာရောက်ဗုံးလာကြဲတိုက်ခိုက်သွားတာဟာ အစည်းအဝေးလုပ်မယ့်သတင်း ပေါက်ကြားတာကြောင့်ဖြစ်နိုင်တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့သူ တပ်ဖွဲ့ဝင်က သုံးသပ်ပြောပါတယ်။
လေကြောင်းကနေဗုံးကြဲပြီးနောက် နာရီဝက်ခန့်အကြာမှာ သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ နဲ့ အမတ ၃၁၀ တပ်တွေကနေ ဒရုန်းတွေတက်လာပြီး ပိန္နဲကုန်းကျေးရွာအနီးတဝိုက်ကို ဗုံးသီး ၆ လုံးခန့် ထပ်မံကြဲချခဲ့ပေမယ့် ဒရုန်းဗုံးတိုက်ခိုက်မှုမှာတော့ လူထိခိုက်တာမရှိဘူးလို့ သိရပါတယ်။
ယမန်နေ့ညနေ ၄ နာရီခန့်မှာပဲ ကျိုက်ထိုမြို့နယ်၊ ကော်ကပ်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၁ စီးနဲ့ ပေါင် ၅၀၀ ဗုံးတလုံးကြဲချခဲ့ရာ ကျေးရွာစာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့သေးတယ်လို့ ဆိုပါတယ်။
ပုံစာ - ဒရုန်းဗုံးကြဲချခံခဲ့ရသည့် ကော်ကပ်ရွာစာသင်ကျောင်း။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ကျိုက်ထို #ပိန္နဲကုန်း #ကော်ကပ် #လေကြောင်းတိုက်ခိုက်
Share Share Share