ကျောက်ကန်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်     ■ စစ်ကောင်စီရဲ့လေကြောင်းနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

ကျောက်ကန်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်  ■ စစ်ကောင်စီရဲ့လေကြောင်းနဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

 

စစ်ကောင်စီနဲ့ ပျူစောထီးတွေအထိုင်ချတပ်စွဲနေတဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သေနတ် ၁ လက်နဲ့ ခဲယမ်းတချို့ကို ရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)တပ်ဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၇ ရက် မနေ့ကမနက် ၅ နာရီခွဲမှာ မြင်းခြံမြို့ ခရမ ၁၅ ရဲ့မြောက်ဘက် ၉ မိုင်အကွာက ကျောက်ကန်ပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။ 

"တိုက်ပွဲက မနက် ၅ နာရီခွဲကနေ နေ့ခင်း ၁၁ နာရီခွဲလောက်အထိ ဖြစ်တာ။ ရွာထဲမှာ သူတို့(ပျူစောထီး) အထိုင်ချထားတဲ့နေရာက ၅ နေရာပဲရှိတာ။ အဲ့ဒီနေရာတွေကို တပ်ပေါင်းစုတွေ အကုန်စီးနိုင်သွားပြီ။ ဒါပေမယ့် လေယာဥ်ပစ်ကူလာလို့ တပ်ပြန်ဆုတ်ခဲ့တာ။"လို့ PLA တပ်ဖွဲ့ဝင်ရဲဘော်တဦးက ပြောပါတယ်။

တော်လှန်ရေးတပ်တွေက ရွာကိုဝင်သိမ်းချိန် ကျောက်ပြုတ်ကျေးရွာဘက်ကနေ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်ကူပေးခဲ့ရာ အဲ့ဒီရွာဘက်ကိုလည်း PLA တပ်ဖွဲ့က ဒရုန်းရော၊ မြေပြင်ကပါ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ကျောက်ပြုတ်ရွာမှာရှိတဲ့ စစ်ကောင်စီအဖွဲ့တွေထဲက အနည်းဆုံး စစ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

"ကားသုံးစီးပေါ် တင်သွားတယ်။ တကယ်က အဲဒီထက်တောင် ပိုသေနိုင်တယ်။ အထိအခိုက်တွေလည်း များတယ်။"လို့ PLA တပ်ဖွဲ့မှရဲဘော်က ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့ကျေးရွာကို ခမရ ၁၅ ရဲ့ အနောက်ဘက်ကပ်လျက်ရှိတဲ့ လယ်သစ်ရွာက ပျူစောထီးတွေကလည်း စစ်ကူလာရောက်ခဲ့တာလို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ ကျောက်ကန်ရွာကို ဘယ်အဖွဲ့အစည်းကမှ ထိန်းသိမ်းထားတာမျိုးမရှိသေးဘဲ စစ်ကောင်စီကလည်း အဲ့ဒီကျေးရွာနဲ့ ပတ်လည်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်ချိန်မှာလည်း စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် သစ်ရုံရွာက အမျိုးသမီး ၁ ဦးထိမှန်သေဆုံးခဲ့သလို အဲဒီရွာကပဲ လယ်လုပ်နေတဲ့ အမျိုးသား ၁ ဦးလည်း စစ်ကူလာတဲ့ခြေလျင်စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရပါသေးတယ်။ 

ဒါ့အပြင် တိုက်ပွဲဖြစ်ပြီး မနက် ၁၁ နာရီခွဲကနေ ညနေ ၄ နာရီအထိ ကန်နီ၊ မီးပေါက်၊ ဒူလဗိုလ်၊ ပျားကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရကာ တိရစ္ဆာန် သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦအချို့နှင့် သေဆုံးခဲ့သည့်တိရိစ္ဆာန်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ကျောက်ကန်ရွာ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10