ကျောက်ကြီးက ကျေးရွာ ၆ ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲလို့ KNLA ၃ ဦး၊ ပြည်သူ ၁ ဦးဒဏ်ရာရ

ကျောက်ကြီးက ကျေးရွာ ၆ ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲလို့ KNLA ၃ ဦး၊ ပြည်သူ ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ထဲက လယ်ထူလူး၊ ကဒီးစူဒေ၊ ပယ်ဝါးဒဲ၊ ကွီးလား၊ ထီးရိုးထော်ပလော၊ စေးဘောဒဲရွာတွေကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ ဗုံးကြဲလို့ KNLA ၃ ဦး၊ ပြည်သူ ၁ ဦး ဒဏ်ရာရသွားတယ် လို့ KNU ဗဟိုက အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန်ထားပါတယ်။ 

အောက်တိုဘာ ၁၇ ရက် မနက် ၈ နာရီခန့်မှာ လယ်ထူးလူကျေးရွာကို စစ်ကောင်စီရဲ့ တိုက်လေယာဥ် ၃ စီးက ဗုံး ၂ လုံးကြဲချပြီး စက်သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံနေအိမ် ၂ လုံးပျက်စီးခဲ့ပါတယ်။

 မနက် ၈ နာရီ ၁၅ မိနစ်ခန့်မှာ ကဒီစူဒေးကျေးရွာထဲကို ဗုံး ၂ လုံးကြဲချပြီး စက်သေနတ်နဲ့ ၁ ကြိမ်ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံးပျက်စီးပြီး KNLA ရဲဘော် ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

မနက် ၉ နာရီကျော်မှာ အဆိုပါ စစ်ကောင်စီတိုက်လေယာဥ်တွေဟာ ပယ်ဝါးဒဲကျေးရွာကို ထပ်မံ ဗုံး ၂ လုံးကြဲချခဲ့ရာ ဒေသခံ စောပီးလေး ၂၅ နှစ် ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ညနေ ၃ နာရီခန့်မှာ ထီးရိုးထော်ပလော၊ စေးဘောဒဲရွာတွေကို တိုက်လေယာဥ်တွေနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုကို မသိရသေးဘူးလို့ ဆိုပါတယ်။

"တိုက်ပွဲမဖြစ်ဘဲနဲ့ကို လာပစ်သွားတာ။ ဗုံးတွေကျလာတော့ ဒေသခံတွေကလည်း ထွက်ပြေးရတာ ရှိတယ်" လို့ ကျောက်ကြီးမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။


စစ်ကောင်စီဘက်က လေယာဥ်နဲ့ဗုံးကြဲတာကြောင့် လယ်ထူလူး၊ ကဒီးစူဒေ၊ ပယ်ဝါးဒဲ၊ ကွီးလား၊ ထီးရိုးထော် ပလော၊ စေးဘောဒဲရွာတွေအပါအဝင် ကျေးရွာ ၇ ရွာလောက်က ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးနေရပါတယ်။

ဒါ့အပြင် KNU ကဖွင့်လှစ်ထားတဲ့ ကျောက်ကြီးအထက်တန်းကျောင်း၊ Klerlweethu Junior College၊ လယ်ဝါး အလယ်တန်းကျောင်း၊ ကွီးလားအလယ်တန်းကျောင်း၊ ပယ်ဝါးဒဲမူလတန်းကျောင်းနဲ့ ခေါလိုကလိုး မူလတန်းကျောင်းတွေကို ပိတ်ထားရပါတယ်။ 

အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းကနေ ကျောက်ကြီးမြို့နယ်၊ ရွာကန့်လန့် ရွာဘက်ကို ၁၅၅ မမနဲ့ ၃ လုံးပစ်ခတ်ခဲ့ရာ စောပွားစေးနေအိမ်ကို ထိမှန်ကာ စောပွားစေး ၃၅ နှစ်၊ ဇနီးဖြစ်သူ နော်လာဒူး ၃၀ နှစ်နဲ့ သမီးဖြစ်သူ နော်ကဲဘလူးမူး ၂ နှစ်တို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

 #မြေလတ်အသံ

#ပဲခူးတိုင်း  #ကျောက်ကြီးမြို့  #လယ်ထူလူး #ကဒီးစူဒေ  #လေယာဉ်  #ဗုံးကြဲ  #စစ်ကောင်စီ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10