ကျောက်ကြီး-နတ်သံကွင်းလမ်းပိုင်းကို ဒီနေ့ကစပြီး အသုံးမပြုရန် KNDO တပ်ရင်း ၃ က သတိပေး

ကျောက်ကြီး-နတ်သံကွင်းလမ်းပိုင်းကို ဒီနေ့ကစပြီး အသုံးမပြုရန် KNDO တပ်ရင်း ၃ က သတိပေး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်မှ နတ်သံကွင်းဘက်သွားတဲ့ လမ်းပိုင်းကို ဇူလိုင် ၂၇ ရက် ဒီနေ့ကစတင်ပြီး ဘယ်သူမှအသုံးပြုသွားလာတာမလုပ်ဖို့ KNDO တပ်ရင်း ၃ က ဒီနေ့မှာ သတိပေးစာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူလူထုကို ဒိုင်းကာသဘောနဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာ နည်းမျိုးစုံ ဆောင်ရွက်နေတာကြောင့် အချက် ၅ ချက်ပါ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်တယ်လို့ ဆိုပါတယ်။

ညွန်ကြားချက်ထဲမှာတော့  ကျောက်ကြီးမြို့မှ နတ်သံကွင်းမြို့အကြား ကားလမ်းပေါ်သို့ သွားလာမှုများ လုံး၀ မပြုလုပ်ရန်၊ ကားလမ်းနံဘေးရှိ ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ကျေးရွာများအတွင်း ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာလှုပ်ရှားမှုများ မပြုလုပ်ရန်၊ ကျေးရွာနေပြည်သူများက အရေးပေါ်အခြေအနေများ လိုအပ်မှုအပေါ် သွားလာရန် လိုအပ်လာပါက တာဝန်ရှိခေါင်းဆောင်များကို ကြိုတင်အသိပေး အကြောင်းကြားဖို့ ရေးသားထားပါတယ်။

ဒါ့အပြင် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို တာဝန်ယူမှာမဟုတ်ဘဲ ညွှန်ကြားချက်ကို ဇူလိုင်လ ၂၇ ရက်မှစတင်ပြီး ပြန်လည် မရုပ်သိမ်းမချင်း အတည်ဖြစ်တယ်လို့ သိရပါတယ်။

"လတ်တလောအခြေနေမှာ KNU တပ်မဟာ ၃ နယ်မြေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဒါကြောင့် စကစ ဘက်က စစ်ရေးလှုပ်ရှားရာမှာ အဓိက သုံးတဲ့လမ်းကြောင်းမှာ တိုက်ပွဲဖြစ်လာရင် ပြည်သူတွေ ထိခိုက်မှုရှိလာမှာစိုးတာကြောင့် ခုလို စာထုတ်တာဖြစ်နိုင်တယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

လတ်တလောအခြေနေမှာတော့ KNU တပ်မဟာ ၃ ထိန်းချူပ်နယ်မြေဖြစ်တဲ့ ကျောက်တံခါး၊ ညောင်လေးပင်၊ ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။

စာတည်း - လင်းဇေ

 #မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ကျောက်ကြီးမြို့နယ် #နတ်သံကွင်းဘက်သွားတဲ့ #KNDO #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10