ကျောက်ကြီးနယ်မှာ စစ်အုပ်စုရဲ့ ပစ်ခတ်မှုတွေကြောင့် ၁ လအတွင်း ကလေး ၃ ဦးအပါ ၁၇ ဦးဒဏ်ရာရ

ကျောက်ကြီးနယ်မှာ စစ်အုပ်စုရဲ့ ပစ်ခတ်မှုတွေကြောင့် ၁ လအတွင်း ကလေး ၃ ဦးအပါ ၁၇ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ထဲမှာ အောက်တိုဘာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ကလေး ၃ ဦးနဲ့ KNLA ရဲဘော် ၃ ဦးအပါအဝင် ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေလတ်အသံက ဖော်ပြခဲ့တဲ့စာရင်းတွေအရ သိရပါတယ်။

အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းမှာ ခလရ ၂၆၄ ကပစ်တဲ့ လက်နက်ကြီးဟာ ရွာကန့်လန့်ကျေးရွာကိုကျပြီး ဒေသခံ စောပွားစေး ၃၅ နှစ်၊ နော်လာဒူး ၃၀ နှစ်နဲ့ နော်ကဲဘလူး ၂ နှစ်တို့ကို ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာ ၁၇ ရက်မှာ လယ်ထူလူး၊ ကဒီးစူဒေး၊ ပယ်ဝါးဒဲကျေးရွာတွေကို လေကြောင်းနဲ့ပစ်ခတ်မှု ၁၂ ကြိမ်ပြုလုပ်ခဲ့ရာ KNLA ရဲဘော် ၃ ဦးနဲ့ ပြည်သူ ၁ ဦး ထိခိုက်ခဲ့ပါတယ်။

အောက်တိုဘာ ၂၂ ရက်မှာ တလိုင်းခင်၊ ဖိုတနဲ့ ဒေါင်းမိုကျေးရွာကို လေယာဥ်နဲ့ ၇ ကြိမ်ပစ်ခတ်လို့ ပြည်သူ ၃ ဦးထိခိုက်ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်မှာ ခလရ ၂၆၄ က ပစ်ခတ်တဲ့ လက်နက်ကြီးက တောကြောင်ပေါက်ကျေးရွာကို ကျပြီး ဒေသခံ စောအယ်ခူဆဲ ၁၂ နှစ်၊ ညာဒါးဒါး ၅၂ နှစ်တို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာလ ၂၅ ရက်မှာ ခေါကလိုကျေးရွာနဲ့ ကွီးလားကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်လုပ်ခဲ့လို့ ပြည်သူ ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၃၀ ရက်မှာ ပိန်းဇလုပ် အခြေစိုက် ခလရ ၂၆၄ ကပစ်တဲ့လက်နက်ကြီးဟာ တောင်ခင်းကျေးရွာထဲကို ကျပြီး မအိရွှေစင် ၁၃ နှစ်၊ မသွန်းရွှေစင် ၁၈ နှစ်၊ မသေးသေး ၅၅ နှစ်၊ ဦးထွေးတင် ၅၈ နှစ်တို့ ဒဏ်ရာရှိခဲ့တာဖြစ်ပါတယ်။ 

"ဒီလအတွင်းမှာ KNU ထုတ်ပြန်ချက်အရ လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်ရှိတာသိရတယ်။ လက်နက်ကြီးပစ်ခတ်မှုကတော့ အကြိမ်ရေ ရာချီရှိနိုင်တယ်"လို့ ကျောက်ကြီးအခြေစိုက် ဒေသ PDF အဖွဲ့ဝင်တဦးကပြောပါတယ်။

အလားတူ ဒီတိုက်ခိုက်မှုတွေအတွင်း ဒေသခံနေအိမ် အလုံး ၂၀ ထက်မနည်းထိခိုက်ပျက်စီးထားပြီး နွား၊ ကျွဲ စတဲ့တိရစ္ဆာန်တွေလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

ခုလို စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကျောက်ကြီးမြို့နယ်ထဲက လယ်ထူလူး၊ ကဒီးစူဒေ၊ ပယ်ဝါးဒဲ၊ ကွီးလား၊ ထီးရိုးထော်ပလော၊ စေးဘောဒဲ၊ နံဇ၊ ဖိုးတ၊ ခြောကိတဲစု၊ ရွာသာယာ၊ ချောင်းဝကျေးရွာနဲ့ ညောင်လေးပင်မြို့နယ်ထဲက ဂွေးကုန်း၊ ကျောက်တန်း၊ မောင်ပြား၊ ကွင်းတလားထိုး ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၁၀၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#ပဲခူး #ကျောက်ကြီး #စစ်ကောင်စီ #ပစ်ခတ် #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10