ကျောက်ကြီးမြို့နယ်ကို စစ်ကောင်စီက ၉ ရက်အတွင်း လေကြောင်းတိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့

ကျောက်ကြီးမြို့နယ်ကို စစ်ကောင်စီက ၉ ရက်အတွင်း လေကြောင်းတိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ကို အောက်တိုဘာ ၁၇ ရက်ကနေ ၂၅ ရက်အထိ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့တယ်လို့ အောက်တိုဘာလ ၂၆ ရက်မှာ KNU ဗဟိုက ထုတ်ပြန်ထား​ပါတယ်။

အောက်တိုဘာလ ၂၅ ရက်မှာ ခေါကလိုကျေးရွာနဲ့ ကွီးလားကျေးရွာတွေဘက်ကို စစ်ရဟက်ယာဥ်နဲ့ ၆ ကြိမ် ပစ်ခတ်ခဲ့လို့ ပြည်သူ ၁ ဦးဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် အော​က်တိုဘာလ ၂၂ ရက်မှာ တလိုင်းခင်၊ ဖိုတ၊ ဒေါင်းမိုကျေးရွာတွေကို လေယာဥ်နဲ့  ၇ ကြိမ်ပစ်ခတ်လို့ ပြည်သူ ၃ ဦးထိခိုက်ပြီး နေအိမ်အချို့လည်း ပျက်စီးခဲ့ပါတယ်။

အောက်တိုဘာလ ၁၇ ရက်မှာတော့ လယ်ထူလူး၊ ကဒီးစူဒေး၊ ပယ်ဝါးဒဲကျေးရွာတွေကို ဂျက်ဟိုက်လေယာဥ်နဲ့  ဗုံးကြဲတိုက်ခိုက်မှု ၆ ကြိမ်၊ ဂျက်ဟိုက်လေယာဥ်ပါ စက်လက်နက်နဲ့တိုက်ခိုက်မှု ၆ ကြိမ် စုစုပေါင်း  ၁၂ ကြိမ်ပြုလုပ်ခဲ့ရာ KNLA ရဲဘော် ၃ ဦးနဲ့ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။   

"အရင်ကတော့ လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလိုပစ်တာရှိတယ်။ ခုနောက်ပိုင်းက လက်နက်ကြီးကော၊ လေယာဥ်ကောသုံးပြီး ပစ်ခတ်နေတာရှိတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက​ ပြောပါတယ်။

အထက်ပါ တိုက်ခိုက်မှုတွေအတွင်း နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားသလို နွား ၆ ကောင်လည်း ဒဏ်ရာပြီး လယ်ယာမြေပျက်စီးတာတွေလည်းရှိတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် လယ်ထူလူး၊ ကဒီးစူဒေ၊ ပယ်ဝါးဒဲ၊ ကွီးလား၊ ထီးရိုးထော်ပလော၊ စေးဘောဒဲကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

စာတည်း - လင်း 

 
#မြေလတ်အသံ
#ပဲခူး #ကျောက်ကြီး #လေကြောင်းပစ်ခတ်မှု #ထိခိုက်သေဆုံး #သတင်း။ #KNLA 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10