ကျောက်ကြီးမြို့နယ်မှာ လိုက်ထရပ်ကားတစီး မိုင်းထိပြီး ၃ ဦးသေဆုံး

ကျောက်ကြီးမြို့နယ်မှာ လိုက်ထရပ်ကားတစီး မိုင်းထိပြီး ၃ ဦးသေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး-နတ်သံကွင်းလမ်း ညောင်ကုန်းတံတားအနီးမှာ ဒုတိယအကြိမ် ကားတစီးမိုင်းထိပြီး ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

မတ်လ ၂၀ ရက် ဒီမနက် ၇ နာရီခန့်မှာ ကျောက်ကြီးမြို့ဘက်နေ ပဲနွယ်ကုန်းရွာဘက်ကို မောင်းနှင်လာတဲ့ လိုက်ထရပ် အမျိုးအစား ''ဝင်းရတနာ" ခရီးသည်ပို့ဆောင်ရေးယာဥ်ဟာ ညောင်ကုန်းတံတား ရှောင်ကွင်းလမ်းကနေ မောင်းနှင်လာချိန် မိုင်းထိခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။


"ကျောက်ကြီးကနေ ပဲနွယ်ကုန်းသွားမယ့် ကားပါ။ ခရီးသည်တင်ကားပေါ့။ ကားပေါ်မှာ အနောက်ကနေ ၃ ယောက်ပါတယ်။ ကားခေါင်းခန်းမှာ ၂ ယောက်ပါတယ်။ တံတားက အရင်မိုင်းထိပြီး ပျက်စီးသွားတော့ ပြုပြင်နေလို့ ရှောင်ကွင်းလမ်း လုပ်ထားတာ။ အဲ့ကနေသွားချိန် မိုင်းထိတာပါ" လို့ ပြောပါတယ်။

မိုင်းထိတာကြောင့် အသက် ၄၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ ၅၀ နှစ်အရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ခရီးသည်အမျိုးသမီး ၁ ဦးနဲ့ ယာဥ်မောင်းအမျိုးသားမှာ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကိုတော့ လက်ရှိမှာ ဒေသတွင်းပရဟိတအသင်းတွေက ကျောက်ကြီးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့ ဆိုပါတယ်။

ဒီမိုင်းတွေကို ဘယ်အဖွဲ့အစည်းက ထောင်ထားခဲ့လဲဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်ကလည်း ကျောက်ကြီးကနေ ပဲနွယ်ကုန်းကို စျေးရောင်းဖို့ထွက်လာတဲ့ လိုက်ထရပ်အဖြူရောင်ယာဥ်ဟာ ညောင်ကုန်းတံတား ရှောင်ကွင်းလမ်းအရောက်မှာပဲ မိုင်းထိခဲ့လို့ ကလေး ၁ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10