ကျောက်ကြီးမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးအပါ ၄ ဦးဒဏ်ရာရ

ကျောက်ကြီးမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးအပါ ၄ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်တွေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကညင်ကျိုးကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့လို့ ကလေး ၁ ဦးအပါအဝင် ဒေသခံ ၄ ဦး ဒဏ်ရာရခဲ့တယ် လို့ KNU ဗဟိုက သြဂုတ်လ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။  

ဩဂုတ်လ ၂၇ ရက် မနက် ၇ နာရီခွဲလောက်မှာ ပိန်းဇလုပ်အခြေစိုက် ခလရ  ၂၆၄ တပ်ကနေ ကညင်ကျိုးရွာဘက်ကို ၁၂၀ မမ ၄ လုံးပစ်ခတ်ခဲ့ရာမှာ ၁ လုံးက ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

 "စီမံချက်နဲ့ မပစ်မနေရများ လုပ်နေလားမသိဘူး။ အမျိုးသမီးတွေချည်ပဲ ထိခိုက်ကြတယ်။ ပြီးခဲ့တဲ့ရက်ကလည်း ကြိုးကြီးရွာက ထိသေးတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

လက်နက်ကြီးထိလို့ မေမြတ်နိုးဝေ ၄ နှစ်၊ ဒေါ်ပြုံးပြုံးရီ ၄၅ နှစ်၊ ဒေါစန်းစန်း ၅၂ နှစ်၊ ဒေါ်စန်းဌေး ၆၆ နှစ်တို့ရဲ့ လက်၊ ပေါင်နဲ့ ခြေထောက်တွေမှာ ကျည်စမှန်ဒဏ်ရာရခဲ့ပြီး အားလုံးကတော့ စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။  

ဒါ့အပြင် ဒေသခံနေအိမ် ၅ လုံးရဲ့ အိမ်အမိုးနဲ့ နံရံတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။  

ဩဂုတ်လ ၂၆ ရက်ကလည်း ပိန်းဇလုပ် ခလရ  ၂၆၄ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ကျောက်ကြီးမြို့နယ်၊ ကြိုးကြီးကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။



အဲ့ဒီတပ်က စစ်သားတွေဟာ တိုက်ပွဲဖြစ်လို့ ပစ်ခတ်နေတာ မဟုတ်ဘဲ 
PDF တွေရှိနိုင်မယ်ထင်တဲ့ နေရာတွေကို ခန့်မှန်းပစ်ခတ်ရာကနေ ကျေးရွာတွေပေါ်ကို ကျရောက်ပြီး ဒေသခံပြည်သူတွေကို ထိမှန်နေတာလို့ အထက်ပါရဲဘော်က ပြောပါတယ်။   

အခု သြဂုတ်လတလတည်းမှာတင် အဆိုပါ ခလရ ၂၆၄ တပ်ကနေ ကျောက်ကြီးမြို့နယ်အတွင်းကို လက်နက်ကြီးနဲ့ ၆ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တဲ့အပြင် စစ်ကောင်စီဘက်က တိုက်လေယာဥ်နဲ့ တကြိမ် ဗုံးကြဲချခဲ့လို့ ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ
#ပဲခူး #ကျောက်ကြီး #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံဒဏ်ရာရ #သတင်း #KNU #ခလရ၂၆၄

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10