ကျောက်ကြီးမှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေ၊ ၅ ဦးဒဏ်ရာ

ကျောက်ကြီးမှာ စစ်တပ်ကပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေ၊ ၅ ဦးဒဏ်ရာ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ လှေဒုံး၊ နောင်ကုန်း၊ တမာခေါရွာတွေမှာ စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေ၊ ၅ ဦးဒဏ်ရာတယ်လို့ မတ် ၃ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက် မနက် ၇ နာရီခန့်မှာ ခမရ ၃၀၇ မှ လှေဒုံးကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ ကျေးရွာထဲကျပြီး ကိုအောင် (ခ) ကိုဥာဏ်လင်းထွန်း ၃၉ နှစ်မှာ သေဆုံးသွားပြီး ကိုအောင်သူဟိန်း ၃၂ နှစ်၊ မခင်ဝိုင်း ၂၁ နှစ်၊ မမိုးမိုးခိုင် ၄၂ နှစ်၊ မောင်ထူးသက်ခိုင် ၁ နှစ် ၃ လတို့ ဒဏ်ရာရခဲ့ပါတယ်။

အဲဒီ မနက်ပိုင်း ၈ နာရီမှာ  စစ်ကောင်စီအင်အား ၇၀ ကျော်ခန့်ဟာ နှောင်ကုန်းကျေးရွာထဲကို ဝင်ရောက်လာပြီး လိုက်လံပစ်ခတ်တာကြောင့် ဦးတုတ်ကယ် ၆၆ နှစ်မှာ တင်ပါးကျည်ထိဒဏ်ရာရခဲ့ပါသေးတယ်။

အဲဒီနေ့မှာပင် စစ်ကောင်စီအင်အား ၂၀၀ ကျော်ဟာ တောင်စု အရှေ့၊ တောင်စု အနောက်၊ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ တမာခေါ၊ ရန်ကြီးအောင်၊ ရွာကြီးအင်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

မတ် ၂ ရက်မှာ စစ်ကောင်စီစစ်ကြောင်းတွေ ပြန်လည်ထွက်ခွာသွားချိန် ဒေသခံကာကွယ်ရေးတပ်တွေဘက်က တမာခေါကျေးရွာထဲ နယ်မြေရှင်းလင်းရေးလုပ်ချိန် စစ်ကောင်စီဘက်က ပစ်သတ်ထားတဲ့ ဒေသခံ စောကောလား ၄၅ နှစ်ရဲ့ အလောင်းကိုတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါနေ့မှာ စစ်ကောင်စီဘက်က ရွာကြီးအင်းနဲ့ သဲကုန်းကျေးရွာဘက်ကို လေယာဥ်နဲ့ ဗုံးကြဲ၊ လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံနေအိမ် ၆ လုံး မီးလောင်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

"ဒီတလောမှာ စကစဘက်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာရော၊ ခရီးသည်တင် လေယာဥ်တွေနဲ့ ဗုံးပစ်ချတာတွေရော ဆက်တိုက်လုပ်လာတာ။ ဒေသခံတွေကတော့ ကြားထဲက ထိခိုက်သေဆုံးတာ အိုးအိမ်ပျက်စီးတာတွေရှိတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာတွေကြောင့် တောင်စုအရှေ့၊ တောင်စုအနောက်၊ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ တမာခေါ၊ ရန်ကြီးအောင်၊ရွာကြီးအင်ကျေးရွာတွေက ဒေသခံထောင်ချီထွက်ပြေးနေရတာလည်း ရှိနေပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်ကလည်း စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာ ၆ စင်းနဲ့ Mi-35 ၁ စင်း အသုံးပြုကာ  ကေအဲန်ယူ-လယ်ဒိုကော်ဆာရဲ့ ထီးမိုဂီထာရဲစခန်းနဲ့ ကျွန်းတောစခန်းကို ဗုံးကြဲတာ၊ စက်သေနတ်နဲ့ ပစ်တာတွေကြောင့် အချုပ်ခန်းမှာ ဖမ်းခံထားရတဲ့ စကစထောက်တိုင် ဇရပ်ခင်ကျေးရွာရှိ ဦးသန်းဇော်ဦး ၄၅ နှစ် သေဆုံးခဲ့ရပြီး၊ အခြားအမှုတွေနဲ့ ထိန်းသိမ်းထားသူတွေ အပါအဝင် ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်ကြီး #စစ်တပ် #လက်နက်ကြီးပစ်ခတ် #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10