ကျောက်ကြီးမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၃ ဦးဒဏ်ရာရ

ကျောက်ကြီးမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ မေ ၁၆ ရက်မှာ KNU က သတင်းထုတ်ပြန်ပါတယ်။

မေ ၁၂ ရက် မနက် ၁၁ နာရီခန့်မှာ စစ်ကောင်စီရဲ့ ခမရ ၄၃၉ တပ်ရင်းမှ သင်္ကန်းကုန်းကျေးရွာထဲကို ဟောင်ဝစ်ဇာလက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ ကျေးရွာထဲကျပြီး အသက် ၄၃ နှစ်အရွယ် မစုနဲ့ ၃၉ နှစ်အရွယ် ကိုသန်းစိုးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒါ့အပြင် မေ ၁၄ ရက် မနက် ၁၀ နာရီ ၅၀ မိနစ်လောက်မှာတော့ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ကနေ ကြိတ်ကွင်းရွာဘက်ကို လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ၁ လုံးက ရွာထဲကျပြီး အသက် ၃၅ နှစ်အရွယ် နော်အေးထွေး ခြေထောက်နဲ့ဗိုက်တွေကို ထိမှန်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ 

"စစ်တပ်ဘက်ကတော့ တိုက်ပွဲရှိတာဖြစ်ဖြစ် မရှိတာဖြစ်ဖြစ် သူတို့ပစ်ချင်ရင် လက်နက်ကြီးက ပစ်နေတာပဲ။ ဒီဘက်က ဒေသခံတွေကတော့ လက်နက်ကြီးသံကြားတာနဲ့ ဗုံးခိုကျင်းတွေထဲ ဝင်နေရတာက အလုပ်တခုလိုဖြစ်နေတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ဒဏ်ရာရသူတွေအနေနဲ့ လက်ရှိမှာ သက်သာတဲ့အခြေအနေရှိတယ်လို့လည်း သိရပါတယ်။ 

အလားတူ မေ ၁၃ ရက်ကလည်း ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ အနည်းဆုံး ၁၀ လုံးထက်မနည်းပစ်ခတ်ရာ လက်ကောက်ဝ၊ ချောင်ကြိုး၊ မအူပင်၊ သရက်ချောင်း၊ ကော်သာစေးကျေးရွာတွေနားကို ကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်တာ မရှိခဲ့ဘူးလို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

ကျောက်ကြီးမြို့နယ်၊ ဘုရားကြီးကျေးရွာနဲ့ဘောကထာကျေးရွာတွေကို ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နဲ့  ၂၃ ရက်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်လို့ အရပ်သား ၂ ဦးသေပြီး ၉ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ မေ ၁၅ ရက်အထိ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် စုစုပေါင်းပြည်သူ ၅၀၆၃ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10