ကျောက်ကြီးမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ မိခင်သေဆုံးပြီး သမီးဖြစ်သူဒဏ်ရာပြင်းထန်ရ

ကျောက်ကြီးမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ မိခင်သေဆုံးပြီး သမီးဖြစ်သူဒဏ်ရာပြင်းထန်ရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ တောင်ခင်ရွာမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ မိခင်ဖြစ်သူသေဆုံးပြီး သမီးဖြစ်သူဒဏ်ရာပြင်းထန်ရတယ်လို့ ကရင့်အမျိုးသားအစည်းအရုံး-KNU က ဇွန် ၂ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

မေ ၃၁ ရက် ညပိုင်းမှာ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီခလရ ၂၆၄ တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ တောင်ခင်းကျေးရွာ လူနေအိမ်ပေါ် ၁ လုံးကျရောက်ပေါက်ကွဲခဲ့ကာ လူသေဆုံးခဲ့တာလို့ ဆိုပါတယ်။

"စကစလက်နက်ကြီးပစ်ချိန်က ညပိုင်းလူတွေအိပ်ချိန်ဖြစ်နေပြီ။ လက်နက်ကြီးထိတဲ့ သားအမိကလည်း နေအိမ်မှာ အိပ်နေတာ။ နေအိမ်ပေါ်တည့်တည့်ကျတော့ မိခင်ကနေရာမှာပဲ ဆုံးသွားတယ်" လို့ ကျောက်ကြီးဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ပစ်တဲ့ လက်နက်ကြီးဗုံးစထိမှန်လို့  ဒေါ်ပန်းနုမွန် ၃၆ နှစ်မှာ နေရာမှာသေဆုံးသွားပြီး သမီးဖြစ်သူ မမိုးဟေမန် ၇ နှစ်မှာ ခန္ဓာကိုယ်နဲ့ပေါင်မှာ လက်နက်ကြီးအစမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကာ ဒေါ်ပန်းနုမွန်ရဲ့နေအိမ်လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

မေ ၃၀ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ နတ်လောင်းကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲ၊ လက်နက်ကြီးပစ်လို့ ကလေး ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ကျောက်ကြီး #လက်နက်ကြီး #ပစ်ခတ်မှု #အရပ်သားသေဆုံး #ခလရ၂၆၄ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10