ကျောက်ကြီးမှာ ဆိုင်ကယ်စီးလူငယ်တဦးကို စစ်အုပ်စုက ပစ်သတ်

ကျောက်ကြီးမှာ ဆိုင်ကယ်စီးလူငယ်တဦးကို စစ်အုပ်စုက ပစ်သတ်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာမှာ ဝပ်ရှော့ကနေ အိမ်ပြန်လာတဲ့ လူငယ်တဦးကို သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မေလ ၃ ရက် ည ၇ နာရီခန့်မှာ ကျေးရွာကားဝပ်ရှော့မှာ အလုပ်လုပ်တဲ့ စောလေးလူထူး (ခ) ဖိုးခွားလေး (ခ) ဝဏ္ဏ ၂၃ နှစ်ဟာ နေအိမ်ကိုဆိုင်ကယ်နဲ့အပြန် တိုက်နယ်ဆေးရုံအနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ တိုးပြီး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။


"စကစဘက်ကပစ်သတ်တာပါ သူ့တို့လမ်းကြောင်းထွက်လာတာကို ဆိုင်ကယ်မီးထွန်း မောင်းလာလို့ဆိုပြီး ဘလိုင်းပစ်သတ်ခံရတာပါ။ နတ်သံကွင်းကနေ ကျောက်ကြီးဘက်ကိုလာတဲ့ စစ်ကြောင်းကနေ ပစ်သွားတာပါ" လို့ ကျောက်ကြီး PDF. တပ်ရင်း ၉ တာဝန်ရှိသူက ပြောပါတယ်။

ခုလိုပစ်ခတ်ခံရတာကြောင့် ခါးဆစ်မှာ ကျည်ထိဒဏ်ရာရပြီး စိုးရိမ်ရလို့ နတ်သံကွင်းတိုက်နယ် ဆေးရုံကို တင်ပို့ကုသနေချိန်မှာ သေဆုံးသွားတာလို့ သိရပါတယ်။

"သူက ရွာမှာနေတာ စကားတောင် လေးလုံးကွဲအောင်ပြောတတ်တဲ့သူ မဟုတ်ဘူး။ အနေအေးတယ်။ စကစနဲ့ကော PDF တွေနဲ့ကော ပတ်သက်တဲ့သူမဟုတ်ဘူး။ ရွာထဲက ကားဝပ်ရှော့မှာ အလုပ်လုပ်တာ။ နောက်ကွယ်မှာကတော့ သူဘာလုပ်လဲဆိုတာတော့ မသိရဘူးပေါ့။ အပြင်ပန်းသိရသလောက်ကတော့ အေးဆေးနေတဲ့ ကလေးပါ"လို့ ဒေသခံတဦးက ပြောပါတယ်။

မေလ ၅ ရက်နေ့မနက်မှာတော့ သေဆုံးသူရဲ့အလောင်းကို မိသားစုတွေက နေအိမ်ကိုပြန်ယူလာပြီး နာရေးကိစ္စပြုလုပ်ဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့ညပိုင်းကလည်း ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲကြီးကျေးရွာက နာရေးအိမ်မှာ စစ်ကောင်စီကင်းလှည့်တဲ့အဖွဲ့ရောက်နေချိန် လက်နက်ကိုင်အဖွဲ့တခုက လာပစ်လို့ စစ်ကောင်စီနဲ့ပျူစောထီး၊ ဒေသခံပြည်သူတွေအပါအဝင် ၄ ဦးသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

 စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10