ကျောက်ကြီးမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့

ကျောက်ကြီးမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းရွာနားမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ရွာကိုဝင်စီးကာ ရွာလုံးကျွတ်နီးပါး မီးရှို့နေတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဇူလိုင် ၁၈ ရက် ဒီနေ့ မနက် ၅ နာရီဝန်းကျင်က နတ်သံကွင်းမြို့ထဲကနေ စစ်ကောင်စီအင်အား ၁၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် နောင်ကုန်းရွာကို မီးရှို့တာဖြစ်တယ်လို့ ဆိုပါတယ်။

“နောင်ကုန်းရွာကို စစ်တပ်ဝင်စီးပြီး မီးရှို့တာ တရွာလုံးနီးပါးကုန်တယ်၊ စစ်ကြောင်းက ရွာကို ဝိုင်းပြီးလာတာ၊ ရဲဘော်တွေနဲ့ တိုက်ပွဲဖြစ်ပြီး သူတို့(စကစ)ဘက်က အင်အားများတော့ နောက်နည်းနည်း ဆုတ်ပေးလိုက်ချိန် ရွာထဲဝင်နိုင်သွားတယ်။ ဝင်နိုင်တော့ မီးရှို့ပါလေရော၊ အခုထိ ပြန်မထွက်သေးဘူး” လို့ ဒေသခံတဦးက ပြောပါ တယ်။

ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်လာပြီး မီးရှို့နေတာကြောင့် ရွာလုံးကျွတ်နီးပါး မီးထဲပါနိုင်ပြီး ပျက်စီးအိမ်ခြေ အတိအကျကတော့ စစ်ကြောင်းပြန်မထွက်သေးတဲ့အတွက် မသိရဘူးလို့ ဆိုပါတယ်။

နောင်ကုန်းရွာဟာ နတ်သံကွင်းနဲ့ ကျောက်ကြီးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းဘေးမှာ တည်ရှိနေတဲ့ ရွာဖြစ်ပြီး လူဦးရေ ၄,၀၀၀ ကျော်နေထိုင်ကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက် မနက်ပိုင်းက နတ်သံကွင်းနဲ့ ညောင်ကုန်းကျေးရွာအကြားက ကျောက်ကြီး-နတ်သံကွင်း လမ်းပေါ်မှာ ဆိုင်ကယ်ကယ်ရီသမားတွေ ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်ကြီးမြို့ #နောင်ကုန်းရွာ #စစ်ကောင်စီ #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10