ကျောက်ကြီးမှာ လူ ၆ ဦး အသတ်ခံရ

ကျောက်ကြီးမှာ လူ ၆ ဦး အသတ်ခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ် ၃ နာရီခန့်က အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၃ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသတ်ခံရသူတွေဟာ လပတ်ကျေးရွာကနေ ကျောက်ကြီးမြို့ကို ဘေးတွဲဆိုင်ကယ် ၂ စီးနဲ့လိုက်ပါလာတဲ့ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၃ ဦး ဖြစ်ပြီး ကျောက်ကြီးနဲ့ ၃ မိုင်ဝန်းကျင်အကွာ လပတ်ရွာနဲ့ ကပ်ကြေးဆိပ်ရွာအကြားမှာ အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

" ၆ ယောက်စလုံး လည်လှီးသတ်ဖြတ်ခံရတာ။ လမ်းဘေးမှာ သတ်ဖြတ်ခံထားရတာကို လမ်းသွားလမ်းလာတွေက တွေ့ရတာ။ သေချာဖမ်းဆီးစစ်မေးပြီးမှ လည်လှီးသတ်သွားပုံပဲ" လို့ ကျောက်ကြီးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူတွေဟာ ကျောက်ကြီးမြို့နေ ကိုပိုင်စိုးမင်း ၃၀ နှစ်၊ လပတ်ကျေးရွာနေ ကိုဖိုးကျော် ၃၀ နှစ်၊ ကိုကျော်ဟိန်း ၂၅ နှစ်၊ ဒေါ်သီး ၅၃ နှစ်၊ မခင်သီတာစိုး ၃၃ နှစ်၊ မကြည်ပြာခိုင် ၃၄ နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ ၆ ဦးစလုံးဟာ သာမာန်အရပ်သားတွေဖြစ်ပြီး လယ်ပိုင်ရှင်၊ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူနဲ့ စျေးသည်လက်လုပ်လက်စား လုပ်ကိုင်ကြသူတွေလို့ ကျောက်ကြီးနယ်ခံ နောက်ထပ် သတင်းရင်းမြစ်တဦးက ပြောပါတယ်။

“ အဲ့ဒီထဲက ပိုင်စိုးမင်းနဲ့ နောက်တယောက်က ဘေးတွဲကယ်ရီမောင်းတာ။ ဒေါ်သီးဆိုတာက လယ်ပိုင်ရှင် လပတ်မှာ လယ် ၁၀ ဧကကျော်လောက်ပိုင်တယ်။ နောက်ထပ်အမျိုးသမီး ၂ယောက်ကတော့ စျေးသည်တွေ၊ ကောင်လေးတယောက်ကတော့ ဘာလုပ်လဲ မသိဘူး” လို့ သူက ပြောပါတယ်။

သေဆုံးသူတွေကို  ကျောက်ကြီးမြို့နဲ့ လပတ်ရွာ နေရာ ၂ ခုမှာ ဖေဖော်ဝါရီ ၁၇ ရက်က သင်္ဂြိုဟ်ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီသတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က ကျူးလွန်တယ်ဆိုတာတော့ မသိရသေးပါဘူး။

ကျောက်ကြီးမြို့နယ်အတွင်းမှာ ကျောက်ကြီးမြို့ပေါ်နဲ့အနီးတဝိုက်ကို စစ်ကောင်စီဘက်ကထိန်းချုပ်ထားပြီး နယ်ဘက်ကျေးရွာတွေကိုတော့ KNLA ၊ PDF ပူးပေါင်းအဖွဲ့တွေဘက်က ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာတွေဘက်ကနေ ကျောက်ကြီးမြို့ကို အဓိကဆက်သွယ်ထားတဲ့ ကျောက်ကြီး-မုန်းလမ်းပိုင်းကို စစ်ကောင်စီတပ်က ကျောက်ကြီးမြို့ပြင်ကနေ ပိတ်ထားတာကြောင့် ဒေသခံတွေဟာ ကျောက်ကြီးမြို့ကိုသွားရောက်လိုပါက ကျေးရွာချင်းဆက်လမ်းတွေကို အသုံးပြုပြီးသွားလာနေရကာ အဆိုပါလမ်းတွေမှာ နှစ်ဖက်တပ်တွေ စစ်ဆေးမှုတင်းကျပ်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #အရပ်သား၆ဦး #အသတ်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10