ကျောက်ကြီးမှာ ၂ ရက်ဆက်တိုက် လေကြောင်းကြဲလို့ ပြည်သူ ၅ထောင်ကျော် ထွက်ပြေးနေရ

ကျောက်ကြီးမှာ ၂ ရက်ဆက်တိုက် လေကြောင်းကြဲလို့ ပြည်သူ ၅ထောင်ကျော် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ သစ်ချဆိပ်ကျေးရွာကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်နေလို့ အနီးနားက ကျေးရွာနေပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ ကျေးရွာနားမှာ တိုက်ပွဲဖြစ်နေတဲ့အတွက် ဩဂုတ် ၃၁ ရက် မနက် ၆ နာရီဝန်းကျင်ကစကာ နေ့လယ်ထိ လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး စက်တင်ဘာ ၁ ရက် မနေ့ကလည်း နေ့လယ်ပိုင်းကစကာ လေကြောင်းနဲ့ တောက်လျှောက်ပစ်ခတ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူဌေးကုန်း၊ ငလောက်တက်နဲ့ သစ်ချဆိပ်ကို လာကြဲတာ၊ အကြိမ်ရေ မနည်းဘူး။ လေယာဥ်က ပထမ တိုက်လေယာဥ်လာတာ။ ပြီးမှ ဟတ်စကီးလာတာ၊ ပထမ အစီးက ကြဲပြီး၊ ထပ်လာပစ်ချ ကြဲလုပ်တယ်။ တညလုံး တိုက်ပွဲပေါ့။ မနက်ကနေ နေ့လယ်အထိဝဲနေတာ၊ ကိုယ့်ဘက်ပစ်ချမှာလည်း ကြောက်ရသေးတယ်" လို့ သစ်ချဆိပ်ကျေးရွာနားက ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

၂ ရက်ဆက်တိုက် လေကြောင်းနဲ့ ပစ်ခတ်လို့ သစ်ချဆိပ်၊ ဖိုးသောစု၊ မျက်ရဲ(ကရင်)၊ မျက်ရဲ(ဗမာ)၊ တိုင်ပင်၊ ကျွန်းကုန်း၊ ဥသျှစ်ခင်၊ ငလောက်တက် စတဲ့ကျေးရွာ ၈ ရွာက ပြည်သူ ၅ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၃၁ ရက်က တောင်ငူလေတပ်ကနေ K-8 Jet Fighter ၂ ကြိမ်၊ Mi-35 ၂ ကြိမ်၊ K-8 W Jet Fighter ၄ ကြိမ်နဲ့ စက်တင်ဘာ ၁ ရက်မှာ K-8 W Jet Fighter ၆ ကြိမ်၊ ရဟတ်ယာဉ်  ၂ ကြိမ် စုစုပေါင်း ၂ ရက်အတွင်း လေကြောင်း ၁၆ ကြိမ် ပျံသန်းထားတယ်လို့လည်း လေကြောင်းစောင့်ကြည့်ရေးချန်နယ်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ပထမနေ့က လေယာဥ် ၅ ကြိမ်လောက်လာကြဲတယ်။ ဖိုက်တာရော ပုဇဥ်း (ရဟတ်ယာဉ်) ရောလာတာ။ လေကြောင်းက တောင်ငူနဲ့ နီးတယ်လေ။ တစီးပြီးမှ နောက်တစီးလာတာ။ ပတ်လိုက် ပစ်လိုက်နဲ့ တော်တော်ကြာတယ်။”လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

သစ်ချဆိပ်ကျေးရွာတဝိုက်မှာ စစ်ကောင်စီနဲ့ KNLA၊ PDFပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ် နေပြီး တိုက်ပွဲအခြေအနေ အသေးစိတ်ကတော့ မြေလတ်အသံအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဩဂုတ် ၃၁ ရက်ကလည်း ထန်းတပင်မြို့နယ်၊ မြို့ဆိုးကျေးရွာက စစ်ကောင်စီဂိတ်စခန်းတွေကို ရိုးမစစ်ကြောင်း ၂ နဲ့ ကာကွယ်ရေးအဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးထားပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်ကြီးမြို့နယ် #သစ်ချဆိပ်ကျေးရွာ #စစ်ကောင်စီ #လေကြောင်း #တိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10