သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံရွာ အမြောက်တပ်ကို ပြီးခဲ့တဲ့ဇွန်လ ၁၈ ရက်ညနေပိုင်းလောက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၂ ပွင့်ဗိုလ် ၃ ဦးအပါအဝင် သေဆုံးသူများပြားခဲ့တယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) အဖွဲ့ဆီက သိရပါတယ်။
ညနေ ၅ နာရီ ၁၅ မိနစ်လောက်က စတင်ပြီး ကျောက်စစ်ပုံရွာအခြေစိုက် အမတ ၅၀၈ လက်နက်ကြီးတပ်အတွင်းရှိ အရာရှိအဆောင်နဲ့ လက်နက်ခဲယမ်းထားတဲ့နေရာကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ဒရုန်း ၅ စီးသုံးပြီး အခေါက်ခေါက်အခါခါ ပြန်ပြီးတော့ ဗုံးကြဲချတယ်၊ အဲ့ဒီစခန်းထဲမှာရှိတဲ့ အဓိက ၂ နေရာကိုပဲ ပစ်မှတ်ထားပြီးချတာ၊ ပထမနေရာက အရာရှိတွေနေတဲ့အဆောင် အဲဒီအခန်းထဲမှာ အရာရှိ ၅ ဦးရှိတယ်လို့ သိထားရတယ်၊ လက်နက်ခဲယမ်းတွေထားတဲ့ လက်နက်တိုက် အဲဒီ ၂ နေရာကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာ” လို့ နဂါးနီတပ်ရင်းမှ ဒုတပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။
စုစုပေါင်း ဗုံးသီး ၉ လုံးကြဲချနိုင်ခဲ့ပြီး နယ်မြေခံသတင်းပေးရဲ့ ပြောပြချက်အရ စစ်ကောင်စီ ၂ ပွင့်ဗိုလ် ၃ ဦးအပါအဝင် စုစုပေါင်း ၄၃ ဦးပွဲချင်းသေဆုံးခဲ့ကာ ၅ ဦးဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ သိရပေမယ့် ဒီသေဆုံးမှုနဲ့ ပက်သက်လို့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
“ပထမအကြိမ်ချပြီး သူတို့ဘက်ပြန်ပစ်မလားဆိုပြီး နာရီဝက်လောက်စောင့်လိုက်တယ်၊ မိနစ် ၂၀ လောက်အကြာမှာ ကျနော်တို့ဗုံးကြဲချတဲ့နေရာကို ရှင်းလင်းရေးလုပ်တယ်၊ သူတို့က ဗိုလ်တွေရဲ့ အလောင်းကို ဆွဲထုတ်တာတွေလုပ်တယ်၊ အဲလိုလုပ်နေတဲ့အချိန် ကျနော်တို့ ဒုတိယအကြိမ် ဒရုန်းနဲ့ ဗုံးထပ်ချတယ်၊ ကျန်တဲ့အရာရှိ ၂ ဦးနဲ့ ကျန်တဲ့စစ်သားတွေလည်း သေတယ်လို့ သတင်းရတယ်” လို့ ဒုတပ်ရင်းမှူး ဆရာလေးက ဆက်ပြောပါတယ်။
ဒါ့အပြင် တိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေဘက်ကလည်း ၁၀၇ မမ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့ကာ ကာကွယ်ရေးတပ်တွေဘက်က ထောက်လှမ်းရေးဒရုန်း ၂ စီးလည်း Jammer မိပြီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့)၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ (နဂါးနီတပ်ရင်း)၊ MRTF Drone Force ၊ NRDF မဟာမိတ်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ပုံစာ - ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ်ရင်း) တပ်ဖွဲ့ဝင်များ။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #ကျောက်စစ်ပုံရွာ #အမတ_၅၀၈ #PDF #တိုက်ခိုက် #စစ်ကောင်စီ #သေဆုံးမှု
Share Share Share