ကျောက်စုပ်စက်လှေချင်း တိုက်မိရာမှ စကားများရန်ဖြစ်လို့ ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

ကျောက်စုပ်စက်လှေချင်း တိုက်မိရာမှ စကားများရန်ဖြစ်လို့ ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ရွာသာယာကျေးရွာအနီး ဧရာဝတီမြစ်အတွင်းမှာ ကျောက်စုပ်လှေချင်းတိုက်မိရာမှ လှေသားတွေစကားများရန်ဖြစ်လို့ ၁ ဦးသေဆုံး ၁ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၃၀ ရက် ညနေ ၄ နာရီခန့်မှာ "ချစ်တိုင်းအောင်"အမည်ပါ ကျောက်စုပ်စက်လှေဟာ မြစ်အတွင်းကျောက်စုပ်နေစဥ် ၎င်းစက်လှေနေရာဘက်ကို မောင်းနှင်လာတဲ့ "ဇော်ပျံ (၃)"အမည်ပါ ကျောက်စုပ်စက်လှေနဲ့ တိုက်မိခဲ့ရာကနေ စကားများရန်ဖြစ်ကြတာလို့ ဆိုပါတယ်။

" လှေချင်းချိတ်မိကြတော့ တဖက်နဲ့တဖက်က စကားများကြတော့ ရိုက်ပွဲတွေဖြစ်ကုန်တာ။ အရိုက်ခံရတဲ့ နှစ်ယောက်က ညီအကိုတော်တယ်။ သူတို့က ရိုက်ပွဲထဲမပါဘူး ကြားထဲကဖြေရှင်းပေးတာကနေ အရိုက်ခံရတာ"လို့ ပန်းတောင်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လှေချင်းတိုက်မိချိန် နှစ်ဖက်လှေသားတွေစကားများရန်ဖြစ်ရာကနေ အပြန်အလှန်တုတ်တွေနဲ့ ရိုက်နှက်ကြရာ  "ချစ်တိုင်းအောင်" စက်လှေပေါ်မှ အသက် ၃၀ ဝန်းကျင်ရှိ မျိုးကိုကိုနဲ့  ညီဖြစ်သူ စိုင်းကိုကို တို့မှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတွေရသွားတယ်လို့ ဆိုပါတယ်။

ဦးခေါင်းဒဏ်ရာရရှိသူ ညီအကို ၂ ဦးကို ပြည်မြို့ဆေးရုံမှာ ဆေးကုသနေစဥ် ညီဖြစ်သူ စိုင်းကိုကိုမှာ ရရှိဒဏ်ရာတွေနဲ့ ဩဂုတ် ၃၁ ရက် မနေ့ညနေပိုင်းက သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ရိုက်နှက်မှုအတွင်းပါဝင်ခဲ့ပြီး လူသေဆုံးအောင်ရိုက်နှက်ခဲ့တဲ့ "ဇော်ပျံ (၃)"စက်လှေပေါ်က သက်နိုင်ဦး (ခ)အငယ်လေး မြန်အောင်မြို့နေသူနဲ့ ကျော်နိုင်စိုး ပြည်မြို့နေသူတို့ကို ပန်းတောင်းမြို့မရဲစခန်းက လူသတ်မှုနဲ့ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ပန်းတောင်းမြို့နယ် ဧရာဝတီမြစ်အတွင်းမှာ နေ့စဉ်ကျောက်စုပ်စက်လှေပေါင်း ၅၀ ထက်မနည်းဟာ မြစ်အတွင်းရပ်တန့်ကျောက်စုပ်တာနဲ့ စုပ်ယူရရှိတဲ့ ကျောက်တွေကို မြစ်ကြောင်းအတိုင်း မောင်းနှင်ကာ ပြည်၊ ပန်းတောင်းနဲ့ မြန်အောင်မြို့နယ်တွေကို ပို့ဆောင်တာတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ပုံစာ - ပန်းတောင်းမြို့နယ် ဧရာဝတီမြစ်အတွင်း ကျောက်စုပ်နေသည့် စက်လှေတချို့။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပန်းတောင်း #ဧရာဝတီမြစ် #ကျောက်စုပ်စက်လှေ #ရိုက်နှက်မှု #လူသေဆုံး #လူသတ်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10