ကျောက်ဆည်က ဒလန်ဆိုသူ ရှင်းလင်းခံရ

ကျောက်ဆည်က ဒလန်ဆိုသူ ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ သာစည်လေးကျေးရွာက စစ်ကောင်စီလက်အောက်ခံဒလန်တဦး ဇန်နဝါရီလ ၁၈ ရက်မနေ့ည ၈ နာရီလောက်မှာ ပစ်ခတ်ရှင်းလင်းခံရတယ်လို့သိရပါတယ်။

အသတ်ခံရသူမှာ အသက် ၄၀ ကျော်အရွယ် ဦးထွန်းဦးဖြစ်ပြီး သူ့နေအိမ်ကနေထွက်လာပြီး လမ်းပေါ်အရောက်မှာ သေနတ် ၂ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ People Revolution Force Kyaukse မှ တိုက်ခိုက်ရေး ခေါင်းဆောင်တောကျီးကန်းက ပြောပါတယ်။

"ဦးခေါင်းတချက်၊ ရင်အုံတချက်ပစ်ခတ်လိုက်တော့ နေရာမှာတင်ပွဲချင်းပြီး သေသွားတယ်။ သူ့အလောင်းကို ညနေကတည်းက စစ်ကား ၆ စီးနဲ့လာသယ်သွားတယ်"လို့ ပြောပါတယ်။

ဦးထွန်းဦးမှာ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီကိုသတင်းပေးလုပ်ပြီး ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေးနေသူဖြစ်သလို လက်ရှိမှာလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက် အစည်းအဝေးတက်တာ၊ သန်းခေါင်စာရင်းကောက်တာတွေကို ဦးစီးလုပ်ဆောင်နေတာကြောင့် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ပူးပေါင်းပြီးပြည်သူတွေကိုဒုက္ခပေးနေကြတဲ့ စစ်ကောင်စီအလိုကျ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီအလိုကျ ဒလန်တွေအနေနဲ့လည်း မိမိရဲ့လုပ်ရပ်တွေကိုဆက်ပြီးလုပ်နေပါက အပြင်းထန်းဆုံး ထိရောက်စွာအရေးယူသွားမယ်လို့ People Revolution Force Kyaukse အဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။

အဲ့ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၈ ရက်မှာလည်း ကျောက်ဆည်မြို့နယ်၊ မှိုင်းပန်ကျေးရွာအုပ်စု၊ ရေကျည်ကျေးရွာက စစ်ကောင်စီသတင်းပေး ကိုစိုင်းသူဖြိုး ၂၆ နှစ်ကို မှိုင်းပန်ရွာအထွက်မှာ ပစ်ခတ်သတိပေးခဲ့တာကြောင့် ဒဏ်ရာပြင်းထန်ရရှိပြီး ဆေးကုသမှုခံယူနေခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10