ကျောက်ဆည်မြို့ခံ NLD ပါတီဝင် ၂ ဦးကို သွေးသောက်အဖွဲ့ သတ်ဖြတ်

ကျောက်ဆည်မြို့ခံ NLD ပါတီဝင် ၂ ဦးကို သွေးသောက်အဖွဲ့ သတ်ဖြတ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က မြို့ခံ NLD ပါတီ ဝင်အမျိုးသား ၂ ဦးကို မနေ့ညပိုင်းက သွေးသောက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့ပြီး၊ ဒီကနေ့မနက်ပိုင်းမှာ ရုပ်အလောင်းတွေကို ကျောက်ဆည်-ပုလိပ်လမ်းဟောင်းပေါ်မှာ စွန့်ပစ်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားသူတွေဟာ ကျောက်ဆည်မြို့ တံတားလည်ရပ်က လ္ဘက်ရည်ဆိုင်ပိုင်ရှင် ဦးတင်သိန်းနဲ့ ကြက်မင်းတွန်ရပ်က လ္ဘက်ရည်ဆိုင်ပိုင်ရှင် ဦးညိုထွန်းဇော်တို့ဖြစ်ပြီး မနေ့ညနေပိုင်းမှာ သွေးသောက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

"မနေ့ညနေ လောက်မှာ သူတို့ ၂ ယောက်ကို အရပ်ဝတ်နဲ့ လက်နက်ကိုင်လူတွေက လာဖမ်းသွားတယ်လို့ သိရတယ်။ အလောင်းတွေကို ဘယ်ချိန်လာပစ်သွားလဲတော့ မသိဘူး။ ဒီမနက်အစောမှာ မန်းလေးလမ်းဟောင်း ကျောက်ဆည်-ပုလိပ်လမ်းဆုံနားမှာ အလောင်းတွေကိုတွေ့တာ။ အလောင်းတွေမှာသွေးသောက်အဖွဲ့ဆိုပြီး လည်ဆွဲကတ်တွေ ချိတ်ထားတယ်လို့ သိရတယ်" လို့ ကျောက်ဆည်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။ 

အဲ့ဒီကျောက်ဆည်မြို့ခံ ၂ ဦးဟာ NLD ပါတီဝင်တွေဆိုတာ ဟုတ်မှန်ပေမယ့် PDF ကိုထောက်ပံ့တာမျိုးနဲ့ ပတ်သက်ဆက်နွယ်တာမျိုးမရှိဘူးလို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

"ဒီမြို့ခံ ၂ ဦး အသတ်ခံလိုက်ရတယ်ဆိုတာကို သိရတယ်ပေါ့နော်။ NLD ပါတီဝင်တွေလို့လည်း သိရတယ်။ သူတို့နဲ့ကျနော်တို့နဲ့တော့ ဘာအဆက်စပ်မှ မရှိဘူး။ မြေပြင်မှာလည်းမရှိသလို လိုင်းပေါ်ကလည်း မရှိဘူး။ ကျနော်တို့ကို လှူတာ၊ ထောက်ပံ့တာလည်းမရှိဘူး။ ဒါပေမယ့်ခုလိုဖြစ်စဥ်တွေရှိလာတယ်ဆိုတော့ မြို့ခံတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ သတိ ပေးလိုပါတယ်" လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့-KDDF တာဝန်ခံ ကိုရာဇာမင်းက ပြောပါတယ်။

NLD ပါတီဝင်တွေနဲ့ ထောက်ခံသူတွေရဲ့မိသားစုဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်မယ့် အနီရောင်စစ် ဆင်ရေးကို လုပ်ဆောင်မယ်လို့ဆိုကာ အဲ့ဒီ သွေးသောက်အဖွဲ့ကို ဧပြီလ တတိယအပတ်လောက်မှာ ဖွဲ့စည်းခဲ့တာပါ။

အဲ့ဒီလိုဖွဲ့စည်းခဲ့ပြီး ဧပြီလ ၂၄၊ ၂၅ နဲ့ မေလ ၄ ရက်နေ့တွေမှာ မန္တလေးခရိုင်အတွင်းမြို့ နယ် ၄ ခုက NLD ပါတီဝင်နဲ့ ထောက်ခံသူ ၇ ဦး သတ် ဖြတ်ခံခဲ့ရပြီး သေဆုံးသူအားလုံးမှာ အနီရောင်စစ်ဆင်ရေး သွေးသောက်အဖွဲ့ဆိုတဲ့ လည်ဆွဲအနီတွေ ချိတ်ဆွဲခံရထားတယ်လို့သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10