ကျောက်တံခါးက လျှပ်စစ်တာဝါတိုင်နဲ့ ရထားလမ်း မိုင်းခွဲခံရ

ကျောက်တံခါးက လျှပ်စစ်တာဝါတိုင်နဲ့ ရထားလမ်း မိုင်းခွဲခံရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ဇရပ်ခင်ကျေးရွာအုပ်စု၊ သဲဖြူရွာသစ်ကျေးရွာ လျှပ်စစ်တာဝါတိုင်နဲ့ ပဲနွယ်ကုန်းမြို့နဲ့ တောကျွဲအင်းအကြား ရန်ကုန် - မန္တလေး ရထားလမ်း မိုင်းထောင်ဖောက်ခွဲခံရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဩဂုတ် ၂၁ ရက် ည ၉ နာရီလောက်မှာ သဲဖြူရွာသစ်နားရှိ 230 KV တောင်ငူ - သာယာကုန်းအားသွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းရှိ တာဝါတိုင် ၂ တိုင် မိုင်းခွဲခံရပြီး ဩဂုတ် ၂၂ ရက် မနက် ၈ နာရီခွဲမှာ ရန်ကုန် - မန္တလေး မီးရထားလမ်း ရထားလမ်းမိုင်တိုင် ၁၁၇/၈ နဲ့ ၁၁၇/၉ အကြား မိုင်းထောင်ဖောက်ခွဲခံရတာလို့ ဆိုပါတယ်။ 

"လျှပ်စစ်တာဝါတိုင် မိုင်းခွဲခံရတာက ဟုတ်တယ်။ ဘာကြောင့် ခွဲတယ်ဆိုတာက စစ်ရေးဗျူဟာတွေ ဖြစ်နေလို့ ပြောဖို့အဆင်မပြေဘူး။ ရထားလမ်း မိုင်းခွဲခံရတဲ့အခြေနေကတော့ သေချာမသိရသေးဘူး။ ခွဲခံထားရတယ်လို့ပဲ သိရတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

မိုင်းခွဲခံရလို့ ရထားလမ်း ၂ ပေကျော် ပျက်စီးသွားပြီး လျှပ်စစ်တာဝါတိုင် ၂ တိုင်အောက်ခြေက သံချောင်းတွေလည်း ပျက်စီးတာရှိပေမယ့် ဓာတ်အားပေးတိုင်တွေ ပြိုကျသွားတဲ့အခြေနေထိ မဖြစ်သွားဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေက လုပ်ဆောင်ခဲ့တာလို့သာ သိရပြီး အဖွဲ့နာမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။ 

ဩဂုတ် ၁၈ ရက် မနက်ပိုင်းကလည်း ကျေက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့၊ မြောက်ဘက်အထွက် သပိတ်ချောင်း တံတားအနီးမှာ ကုန်တင်ရထားတွဲမိုင်းခွဲခံရကာ တွဲဆိုင်းတွေရော  သံလမ်းပါ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #ကျောက်တံခါး #တာဝါတိုင် #ရထားလမ်း #မိုင်းခွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10