ကျောက်တံခါးတိုက်ပွဲ စစ်ကောင်စီ ၃၀ ကျော်သေ၊ လက်နက်တွေပါ သိမ်းဆည်းရမိ

ကျောက်တံခါးတိုက်ပွဲ စစ်ကောင်စီ ၃၀ ကျော်သေ၊ လက်နက်တွေပါ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA၊ PDF တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၃၀ ကျော်သေဆုံးကာ လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တောင်ပိုင်းတိုင်းအမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

ဩဂုတ် ၉ ရက် မနက် ၂ နာရီခန့်မှာ အင်အား ၆၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခမရ ၅၈၉ တပ် အပါအဝင် ပူးပေါင်းတပ်တွေနဲ့  KNLA၊ ရိုးမစစ်ကြောင်း ၂ ပူးပေါင်းတပ်ဖွဲ့တို့ဟာ နေ့လယ် ၁ နာရီခန့်ကစပြီး အချိန် ၁၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"အဲ့ဒီဘက်ဒေသမှာ နှစ်ဘက်စစ်ရေးဆိုင်နေတဲ့ အခြေအနေမှာရှိတယ်။ မနေ့က တိုက်ပွဲက ရွာပြင်မှာ ဖြစ်တာမျိုးပါ။ ကျနော်တို့တပ်တွေဘက်ကတော့ ရွာပြင်မှာ ကာထားရာကနေ သူတို့လာတော့ တိုက်ပွဲဖြစ်တယ်။ နှစ်ဘက်ထိခိုက်ကျဆုံးရှိတယ်။ စကစဘက်ကတော့ သေဆုံးများတယ်" လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ခံ ကိုစောဒိုရှင်းက ပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီအထိုင်တပ်စခန်းတွေကနေ လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်တာရှိသလို လေယာဥ်နဲ့  ၂ ကြိမ်လာရောက်တိုက်ခိုက်သွားသေးတယ်လို့ ဆိုပါတယ်။

“အခုထိရှင်းနေတုန်းပဲ။ လက်နက်တွေက ထပ်ရသေးတယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးရှိတယ်။ ရန်သူသေဆုံးမှုက ၃၀ကျော်ရှိတယ်။ ဒဏ်ရာတော်တော်များများရသွားတယ်။ (စကစ) အလောင်းတွေကတော့ ပြန်မကောက်သေးဘူး” လို့  မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ KNLA တပ်ဖွဲ့မှ ၂ ဦး၊ PDF အထူးကွန်မန်ဒိုတပ်ဖွဲ့မှ ၁ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအသုံးပြုတဲ့ စက်လတ် ၁ လက်၊ MA 1 ၈ လက်၊ MA 2 ၁ လက်၊ MA 3 ၁ လက်၊ MA 4 ၁ လက်၊ မိုင်းရှာစက်၊ ကျည်အိမ် ၁၂ ခု၊ ၆၀ မမ ဗုံးသီးတချို့နဲ့ ကျည်ဆံအများအပြား ကနဦးရထားပြီး ထပ်မံ သိမ်းဆည်းရမိလက်နက်တွေလည်း ရှိသေးတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် သမင်အင်းကုန်းကျေးရွာနဲ့ အနီးအနား ကျေးရွာက ပြည်သူအနည်းငယ်သာ တိမ်းရှောင်နေကြပြီး အများစုကတော့ ထွက်ပြေးတာ မရှိဘူးလို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကလည်း ကျောက်တံခါးမြို့နယ်အတွင်းမှာရှိတဲ့ ဗောဓိကွင်း၊ နံဇ၊ သူဌေးကုန်း၊ တောင်ခင်၊ ရေတွင်းကုန်းစတဲ့ ကျေးရွာအုပ်စုက ပြည်သူတွေကို ည ၆နာရီ မနက် ၆ နာရီ အတွင်း မသွားလာကြဖို့၊ သမင်အင်းကုန်း-ကျောက်တံခါး၊ သမင်အင်းကုန်း-သူဌေးကုန်း ကားလမ်းမတွေပေါ် မသွားလာကြဖို့ အရေးပေါ်ထုတ်ပြန်ထားပါသေးတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်တံခါးမြို့နယ် #သမင်အင်းကုန်းရွာ #စစ်ကောင်စီ #KNLA #PDF #တိုက်ပွဲ #သတင်း #လက်နက် #သိမ်းဆည်းရရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10