ကျောက်တံခါးနဲ့ကျောက်ကြီးမြို့နယ်မှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၃ ဦးသေဆုံး

ကျောက်တံခါးနဲ့ကျောက်ကြီးမြို့နယ်မှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၃ ဦးသေဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးနဲ့ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ ပြည်သူ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဇူလိုင် ၆ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၁ ရက်မှာ ကျောက်ကြီးမြို့နယ်၊ သာစည်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ နောင်ချိုကျေးရွာနေ ကိုမင်းနိုင်ဦး ၄၁ နှစ်နေအိမ်ပေါ်ကိုကျရောက်ပေါက်ကွဲပြီး ကိုမင်းနိုင်ဦးနဲ့ ဇနီးဖြစ်သူ မပပ ၃၅ နှစ်တို့ သေဆုံးပြီး သားသမီးတွေဖြစ်တဲ့ မဇင် ၁၇ နှစ်၊ မနွေသဇင် ၈ နှစ်၊ မောင်မိုးထက်နိုင် ၂ နှစ်၊ တူဖြစ်သူ မောင်ကျော်ထက်ဦး ၁၇ နှစ်တို့ ဒဏ်ရာရသွားပါတယ်။

ဒဏ်ရာရသွားတဲ့ကလေးတွေကိုတော့ဒေသခံတွေက ကျောက်ကြီးဆေးရုံပို့ထားရပြီး ဇူလိုင် ၇ ရက်အထိ ဆေးကုသမှုခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

"စကစလက်နက်ကြီးက နေအိမ်ပေါ်ကျတော့ နေအိမ်ပေါ်ရှိနေတဲ့ မိသားစု ၆ ဦးထဲမှာ အဖေအမေသေပြီး ကလေးတွေက ဒဏ်ရာပြင်းဒဏ်ရာသွားတယ်။ အိမ်လည်းသုံးစားမရအောင်ပျက်စီးသွားတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၄ ရက်မှာ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ ကနေ ၁၂၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာဘက်ကို ပစ်ခတ်ခဲ့ရာ ကျေးရွာထဲကျရောက်ပေါက်ကွဲပြီး အသက် ၅၀ အရွယ် စောကလိုထူး သေဆုံးခဲ့ပါတယ်။

စစ်တပ်ဘက်က မကြာခဏလက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် ဒေသခံတွေကနေအိမ်တွေဟာ မကြာခဏ နေရပ်ကနေ ထွက်ပြေးနေရပြီး အလုပ်အကိုင်ကောင်းစွာမလုပ်နိုင်ဘဲ စိုးရိမ်စိတ်တွေနဲ့သာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။ 

အလားတူ ဇွန် ၂၉ ရက်ကလည်း ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ရာ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာကိုကျရောက်ပေါက်ကွဲပြီး ဒေသခံ ၄ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #ကျောက်ကြီး #စစ်ကောင်စီ #လက်နက်ကြီးပစ် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10