ကျောက်တံခါး၊ နံဇကျေးရွာက နေအိမ် ၂၀ ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ကျောက်တံခါး၊ နံဇကျေးရွာက နေအိမ် ၂၀ ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ နံဇရွာက နေအိမ် ၂၀ ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၂၀ ရက် မနက် ၆ နာရီကျော်မှာ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄၊ ပဲနွယ်ကုန်း ရွှေဝါတပ်ရင်း၊  ဖြူးအခြေစိုက် ခမရ ၃၀၈ စစ်ကောင်စီတပ်သားတွေက အင်အား ၃၀၀ ခန့်နဲ့ နံဇရွာကိုရောက်လာပြီး နေအိမ်မီးရှို့တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

"စကစ ဘက်က သာလွန်အင်အားနဲ့ နံဇရွာကိုရောက်လာပြီး နေအိမ်တွေကို အ​ကြောင်းမဲ့ မီးရှို့တာ။ လက်ရှိအထိ ရွာထဲမှာ တပ်စွဲထားတယ်လို့ သိရတယ်။ စကစ အဖွဲ့တွေဝင်လာတော့ ရွာသားတွေကတော့ ထွက်ပြေးရတာပေါ့" ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ နံဇရွာကို ဝင်လာချိန် နံဇရွာအနီးအနားမှာ KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်အခြေနေကိုတော့ မသိရသေးပါဘူး။

စစ်​ကောင်စီတပ် မီးရှို့လို့ ပြည်သူနေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု စာရင်းအတိအကျကိုတော့ မရသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ နံဇကျေးရွာ ဒေသခံနေအိမ်တွေကို မွှေနှောက်ရှာဖွေနေပြီးတန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းဝင်လာပြီး နေအိမ်တွေမီးရှို့လို့နေလို့ နံဇ၊ ဇရပ်ခင်း၊ ရင်းတိုက်ကုန်းအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက် ညနေ ၄ နာရီကျော်လောက်က ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာနဲ့ ငါးဖယ်အင်းကျေးရွာဘက်ကို ပိန်းဇလုပ်မြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၆၄ တပ်က ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ပြည်သူ ၄ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်တံခါး #ညောင်လေးပင် #ခလရ၂၆၄ #နဇံကျေးရွာ #ပိန်းဇလုပ် #ဒေသခံ #မီးရှို့ဖျက်ဆီး #နေအိမ်ပျက်စီး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10