ကျောက်တံခါးမြို့နယ်ကြံ့ခိုင်ရေးကော်မတီဝင် ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ

ကျောက်တံခါးမြို့နယ်ကြံ့ခိုင်ရေးကော်မတီဝင် ပျူစောထီးခေါင်းဆောင် ပစ်သတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရှမ်းဒိုးတန်းကျေးရွာအုပ်စု၊ ပဲခူးစုကျေးရွာနဲ့ ပုဂံကွဲကျေးရွာကြား လမ်းပေါ်မှာ ကြံ့ခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင် ၁ ဦးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လို့လည်း လူသိများသူတဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဇန်နဝါရီလ ၁၅ ရက် နေ့လယ် ၂ နာရီကျော်မှာ ပဲခူးစူကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဦးအောင်ကျော်ဆန်း ၄၅ နှစ်နဲ့ သမီးဖြစ်သူ မဆုမြတ်သော်တာ ၁၉ နှစ်တို့ဟာ ဆိုင်ကယ်နဲ့ အလာမှာ ပစ်ခတ်သွားကြတာလို့ ဆိုပါတယ်။

"လယ်ထဲဆေးဖြန်းဖို့သွားကြတာကို သူတို့လယ်အရောက်နားမှာ ပစ်သွားတာ။ ဖအေဖြစ်သူကတော့ နေရာမှာသေသွားတယ်။ သမီးက ဒဏ်ရာရသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဦးအောင်ကျော်ဆန်းမှာ ဦးခေါင်း၊ ကျောကုန်းနဲ့ခါးမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ နေရာတင်သေဆုံးသွားပြီး သမီးဖြစ်သူမှာတော့ ရင်ဘက်နဲ့လက်တွေမှာ ဒဏ်ရာရကာ စိုးရိမ်ရတဲ့အခြေအနေနဲ့ ကျောက်တံခါးပြည်သူ့ဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။

ဦးအောင်ကျော်ဆန်းဟာ ၂ ကြိမ်မြောက် ပစ်ခတ်ခံရတာဖြစ်ပြီး ပထမအကြိမ်က ညောင်လေးပင်နဲ့ ဖဒို ဆက်သွယ်ရေးလမ်းပေါ်မှာ အကိုဖြစ်သူနဲ့အတူ ဆိုင်ကယ်နဲ့သွားနေချိန် ပစ်ခတ်ခံရကာ ဒဏ်ရာမရဘဲ အကိုဖြစ်သူသာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

"သူတို့ကို UG အဖွဲ့တခုက ပစ်သွားတာလို့တော့ သိရတယ်။ သူက လက်နက်ကိုင် ပျူခေါင်းဆောင်တဦးလည်းဖြစ်လို့ ပစ်ခတ်ခံရတာဖြစ်နိုင်တယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ အလှိုင်ကျေးရွာမှာ ပျူစောထီး  ၂ ဦး နေအိမ်မှာ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာပြင်းထန်ရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #ပျူစောထီး #ကြံ့ခိုင်ရေး #ပစ်သတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10