ကျောက်တံခါးမှာ စစ်ကောင်စီတပ်သတင်းပေးဆိုသူ အမျိုးသားတဦး ပစ်ခတ်ခံရပြီးသေဆုံး

ကျောက်တံခါးမှာ စစ်ကောင်စီတပ်သတင်းပေးဆိုသူ အမျိုးသားတဦး ပစ်ခတ်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီတပ်ကို သတင်းပေးလုပ်နေတယ်လို့ဆိုတဲ့ အမျိုးသားတဦးဟာ ဇူလိုင်လ ၇ ရက် မနက် ၅ နာရီကျော်မှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူမှာ သူဌေးကုန်းကျေးရွာက အသက် ၂၇ နှစ်အရွယ် ကိုဇော်ဇော်လတ် ဖြစ်ပြီး နေအိမ်ထဲ အိပ်နေချိန်မှာဘဲ ပစ်ခတ်ခံလိုက်ရတာ ဖြစ်တယ်လို့ဆိုပါတယ်။

"ပွဲချင်းပြီးသေတယ်။ သူ့မိန်းမနဲ့ကလေးတွေကိုတော့ ဘာမှမလုပ်ခဲ့ဘူး။ သေနတ်ဒဏ်ရာကတော့ တော်တော်လည်းများတယ်ဗျ။ သူက စကစတွေနဲ့တူတူလည်း နေတတ်တယ်။ သတင်းပေးလုပ်တယ်လို့လည်း ပြောကြတယ်" လို့ ကျောက်တံခါးဒေသခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ကိုဇော်ဇော်လတ်မှာ တမီလ်လူမျိုးတဦးဖြစ်ပြီး စစ်ကောင်စီတပ်ပိုင်တဲ့ စားကျက်မြေထဲမှာ တပ်ကိုသီးစားပေးကာ လယ်လုပ်ကိုင်နေသူတဦးဖြစ်ကာ စစ်ကောင်စီတပ်သားတွေကလည်း သူ့ရဲ့လယ်တဲမှာ နေထိုင်စားသောက်တတ်ကြတယ်လို့  အထက်ပါအမျိုးသားက ပြောပါတယ်။

ကိုဇော်ဇော်လတ်ရဲ့ ရုပ်အလောင်းကိုတော့ စစ်ကောင်စီတပ်နဲ့ရဲတပ်သားတွေက ကားတစီးနဲ့ ကျောက်တံခါးဆေးရုံကြီးကို သယ်ယူသွားတယ်လို့ သိရပါတယ်။

အသတ်ခံရသူနဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းအချက်အလက်တွေကို မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ဇွန်လ ၇ရက်နေ့မှာလည်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (၁) ဗိုလ်မှူး နေလင်းဦးနဲ့ ဗောဓိကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသူရတို့ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ နှစ်ဦးလုံး သေဆုံးသွားခဲ့တယ်လို့ Bago Region PDFက ထုတ်ပြန်ခဲ့ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

 #ပဲခူးတိုင်း #ကျောက်တံခါး #စစ်ကောင်စီ #သတင်းပေး #ပစ်ခတ်မှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10