သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် စစ်တောင်းမြစ်အနောက်ဖက်ခြမ်းက သမင်အင်းကုန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကအထိနာလို့ တပ်ပြန်ဆုတ်သွားတယ်လို့ ဒေသခံတွေဆီကတဆင့် သိရပါတယ်။
ဇူလိုင်လ ၂ ရက် မနေ့ နေ့လယ် ၂ နာရီလောက်က ကျောက်တံခါးမြို့ကနေ ၃မိုင်ကျော်ဝေးတဲ့ သမင်အင်းကုန်းရွာကို ထွက်လာတဲ့ စစ်ကောင်စီနယ်မြေရှင်းစစ်ကြောင်းနဲ့ ရွာထဲမှာ ကြိုတင်ရောက်ရှိနေတဲ့ ကာကွယ်ရေးအဖွဲ့တွေ ထိပ်တိုက်တွေ့ ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“တိုက်ပွဲကကြီးတယ်၊ ရန်သူ့ဖက်က အထိနာပြီး နည်းနည်း နောက်ဆုတ်သွားတယ်။ ရန်သူ ၂၀ ကျော်ကျတယ်။ ကားနဲ့ လူနာတွေပြန်တင်သွားတယ်၊ တချို့ပြည်သူတွေပြောတာက မြို့ထဲဆေးရုံမှာ ရောက်နေတာဘာညာနဲ့ပေါင်းရင် ၄၀ လောက်ထိတယ်” လို့ မြေပြင်တပ်ဖွဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ နီးပါးသေဆုံးတယ်လို့ပြောဆိုပေမယ့် သီးခြားအတည်ပြုနိုင်တာမျိုးတော့မရှိသေးဘဲ စစ်ကောင်စီတပ်ဟာ ဒဏ်ရာရစစ်သားတွေကို ကျောက်တံခါးဆေးရုံကိုခေါ်သွားပြီး စစ်ကြောင်းကတော့ ကျောက်တံခါးမြို့ထဲကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းမှာ ကညွတ်ကွင်းအခြေစိုက် ခမရ ၄၃၉၊ ပိန်းဇလုတ်အခြေစိုက် ခမရ ၂၆၄၊ ဖြူးမြို့အခြေစိုက် ခမရ ၃၀၇ ၊ ပဲနွယ်ကုန်းအခြေစိုက် ခမရ ၃၀၈၊ ညောင်လေးပင်အခြေစိုက်တပ်ရင်းတွေ ရှိနေတာဖြစ်ပြီး အဲ့ဒီတပ်ရင်းပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့ သိရပါတယ်။
တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ သူဌေးကုန်းရွာကနေ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ဒိုးတန်းရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲကာ နေအိမ်တလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကလည်း ပိန်းဇလုတ်မြို့ အခြေစိုက် ခမရ ၂၆၄ တပ်ကနေ သမင်အင်းကုန်းရွာထဲကို ၁၂၀ မမ လက် နက်ကြီးပစ်ခတ်လို့ ရွာအရှေ့ပိုင်း ရပ်ကွက်ထဲကျရောက်ခဲ့ပြီး အမျိုးသမီး ၂ ဦး သေဆုံးကာ ကလေးငယ် ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ပဲခူး #ကျောက်တံခါး #တိုက်ပွဲသတင်း #စစ်ကောင်စီတပ် #အထိနာ #KNU #PDF
Share Share Share