ကျောက်တံခါးမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက တိုက်လေယာဥ်နဲ့ဗုံးကြဲ၊ မိုင်းနင်းမိလို့ KNLA အဖွဲ့ဝင် ၁ ဦး ဒဏ်ရာရ

ကျောက်တံခါးမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက တိုက်လေယာဥ်နဲ့ဗုံးကြဲ၊ မိုင်းနင်းမိလို့ KNLA အဖွဲ့ဝင် ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာနဲ့ တလိုင်းခင်ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက တိုက်လေယာဥ်သုံးဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဩဂုတ် ၁၅ ရက် နေ့လယ် ၁၁ နာရီခန့်မှာ နံဇကျေးရွာဘက်ကို အင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"မနက်ပိုင်း တိုက်ပွဲဖြစ်တယ်။ တနာရီနီးပါးဖြစ်ပြီးတော့ စကစဘက်က ပြန်ဆုတ်သွားတယ်။ သူတို့ပြန်ဆုတ်တော့ ကျနော်တို့ဘက်ကလည်း နယ်မြေလိုက်ရှင်းတာ။ သိပ်မကြာဘူး စကစဘက်က တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတာ ပစ်ခတ်တာတွေ လုပ်သွားတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာတော့ KNLA ပူးပေါင်းတပ်တွေဘက်က ထိခိုက်တာမရှိဘဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

နေ့လယ် ၁ နာရီခွဲခန့်မှာ စစ်ကောင်စီဘက်က နံဇကျေးရွာနဲ့ တလိုင်းခင် ကျေးရွာဘက်ကို တိုက်လေယာဥ်သုံးပစ်ခတ်ခဲ့ပေမယ့် ဒေသခံတွေရော ကာကွယ်ရေးတပ်ဖွဲ့ဘက်ကပါ ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေ ပြန်ဆုတ်သွားလို့ KNLA တပ်တွေက လိုက်လံရှင်းလင်းချိန် စစ်ကောင်စီတပ်ဘက်က ထောင်သွားတဲ့ မိုင်းနင်းမိလို့ KNLA အဖွဲ့ဝင် ၁ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဩဂုတ် ၁၄ ရက် ညက ကျောက်တံခါးမြို့ရှိ စစ်ကောင်စီတပ်ကနေ ဖျံသလင်းကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၂၆ ရက်က ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာမှာ အင်အား ၃၀ ကျော်နဲ့ရှိနေတဲ့ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #ကျောက်တံခါး #KNLA #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10