ကျောက်တံခါးမှာ ရန်ကုန်-မန္တလေးအမြန်ရထား တိမ်းမှောက်

ကျောက်တံခါးမှာ ရန်ကုန်-မန္တလေးအမြန်ရထား တိမ်းမှောက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးမြို့နဲ့ သူဌေးကုန်းကျေးရွာအကြား ရန်ကုန် - မန္တလေးရထားလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ အမြန်ရထားတိမ်းမှောက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက်မနက် ၃ နာရီကျော်မှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ အမှတ် ၆ အစုန်ရထားဟာ ဖြစ်စဥ်နေရာအရောက်မှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

" သံလမ်းမိုင်းကွဲပြီး မှောက်တာလို့ သိရတယ်။ ခေါင်းပိုင်းအတွဲကစပြီး ရထားကတိမ်းမှောက်သွားတာ။ ခေါင်းတွဲတတွဲလုံးကတော့ ရထားလမ်းဘေး ကျသွားတယ် " လို့ ကျောက်တံခါးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရထားတိမ်းမှောက်တာဟာ မိုင်းခွဲခံရတာကြောင့်လို့ ဒေသခံတွေကပြောဆိုပေမယ့် ရထားတိမ်းမှောက်ရတဲ့ အကြောင်းအရင်းကို သီးခြားအတည်မပြုနိုင်သေးသလို ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကို မေးမြန်းပေမယ့် ပြန်လည်ဖြေကြားတာမျိုး မရှိသေးပါဘူး။

စစ်တပ်သတင်းထုတ်ပြန်ရေး တယ်လီဂရမ်တွေနဲ့ စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်တွေမှာတော့  ရထားလမ်းကို တော်လှန်တပ်ဖွဲ့တွေဘက်က ရီမုမိုင်းခွဲခဲ့လို့ အမြန်ရထားတိမ်းမှောက်ခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြထားပြီး ဓာတ်ပုံတွေအရ ရထားသံလမ်းရဲ့နေရာတချို့မှာ ၁ ပေခွဲနီးပါး သံလမ်းပြတ်တောက်နေတာတွေကိုတော့ တွေ့မြင်ရပါတယ်။

ရထားစက်ခေါင်းအပါအဝင် လူစီးအတွဲ ၄ တွဲ လမ်းချော်တိမ်းမှောက်ခဲ့တာဖြစ်ပြီး ရထားတိမ်းမှောက်တာကြောင့် ခရီးသည်တွေ ကြီးကြီးမားမားထိခိုက်တာမရှိဘူးလို့သိရကာ အခင်းဖြစ်ပွားပြီး တနာရီခန့်အကြာမှာ စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ရထားတိမ်းမှောက်သွားလို့ ခရီးသည်အချို့က သူဌေးကုန်းဘူတာကနေတဆင့် ကားလိုင်းတွေနဲ့ခရီးဆက်သွားသူတွေရှိသလို ရထားပြင်ဆင်ပြီးတဲ့အချိန်ထိစောင့်ဆိုင်းနေတဲ့ ခရီးသည်အချို့လည်း ကျန်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၈ ရက်ကလည်း ကျေက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့၊ မြောက်ဘက်အထွက် သပိတ်ချောင်းတံတားအနားမှာ မိုင်းကွဲလို့ ကုန်တင်ရထားတွဲဆိုင်းတွေ ပြုတ်ထွက်ပြီး သံလမ်းတွေလည်း ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ကျောက်တံခါး #ရထားတိမ်းမှောက် #ရန်ကုန်မန္တလေး #အမြန်ရထား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10