ကျောင်းကြိုပို့ကားကို မိုင်းဆွဲတာမဟုတ်ပဲ ဆိုင်ကယ်နဲ့လာတဲ့ စစ်သားတွေကို မိုင်းဆွဲခဲ့တာလို့ဆို

ကျောင်းကြိုပို့ကားကို မိုင်းဆွဲတာမဟုတ်ပဲ ဆိုင်ကယ်နဲ့လာတဲ့ စစ်သားတွေကို မိုင်းဆွဲခဲ့တာလို့ဆို

အရာတော်မြို့၊ အ.ထ.က ကျောင်းကနေ စစ်တပ်ထဲကိုလာတဲ့ စစ်တပ် ကျောင်းကြို/ပို့ ကားတစီး ဖေဖော်ဝါရီ ၁၅ ရက် နေ့လည် ၁ နာရီမှာ ဆွဲမိုင်းထိလို့ ကျောင်းသူတဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါ ကျောင်းကြိုကားကို မိုင်းဆွဲတာမဟုတ်ဘဲ အဲဒီကားနောက်မှာ လိုက်ပါလာတဲ့ စစ်သားတွေစီးလာတဲ့ ဆိုင်ကယ် ၃ စီးကို မိုင်းဆွဲခဲ့တာ ဖြစ်တယ်လို့ မိုင်းဆွဲခဲ့တဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

"ကျနော်တို့က ကားကိုဆွဲတာ မဟုတ်ဘူးဗျ။ ကားနောက်က ဆိုင်ကယ်စီးလာတဲ့ စစ်ကောင်စီ တပ်သားတွေကို ဆွဲတာ။ ဆိုင်ကယ် ၁ စီးမှာ ၂ ယောက်စီးလို့ပါ။ အဲဒါကို ကျနော်တို့မိုင်းဆွဲတဲ့အခါမှာ ဆိုင်ကယ် ၂ စီးလည်း ထိသွားတယ်။ ကားကိုပါ ထိမှန်သွားတာပါ" လို့ ဆိုပါတယ်။

ဆိုင်ကယ်တွေ မိုင်းဆွဲခံရလို့ ၂ စီး မိုင်းထိမှန်သွားတာကြောင့် စစ်ကောင်စီ တပ်သား ၃ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ မိုင်းဆွဲခဲ့တဲ့အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"မိုင်းက အကြီးကြီးတလုံးပဲ ဆွဲလိုက်တာဗျ။ ဆွဲတာကလည်း စကစတွေကိုပဲ ဆွဲတာပါ။ အခုလို ကားကိုထိမှန်ပြီးတော့ ကျောင်းသူ/သားတွေ ထိခိုက်မှုရှိခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ်" လို့ ဆိုပါတယ်။

အခုလို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကိုလည်း PDF အဖွဲ့အစည်းတခုအောက်က လုပ်ခဲ့တာမဟုတ်ဘဲ  စိတ်တူသူငယ်ချင်းတွေ စုပေါင်းပြီးတော့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းကြိုပို့ကားကို မိုင်းမတော်တဆ ထိမှန်ခဲ့တာကြောင့် ဒဏ်ရာသွားခဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို အရာတော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10