ကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခံရလို့ ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများဟုဆို

ကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခံရလို့ ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူများဟုဆို

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာရှိ ရဲမာန်ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ ကာဘိုးကျေးရွာအထက်တန်းကျောင်းမှာ တပ်စွဲပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးငွေတောင်းတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခံရလို့ ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၄ နာရီ ၃၀ မိနစ်ခန့်မှာ ရဲမာန်ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ ကာဘိုးအထက်တန်းကျောင်းမှာ အင်အား ၃၀ ဦးကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို ပျောက်ကြားစနစ်နဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Kanbalu Undergound warriors စိန်​ဗေဒါအဖွဲ့ တာဝန်ခံက ပြောပါတယ်။

"သူတို့ကျောင်း ၂ ခုစလုံးမှာ စကစနဲ့ပျူတွေ တပ်စွဲထားတယ်။ ကျနော်တို့သွားတဲ့အချိန် မီးကပျက်နေတာ။ ကိုယ်ပိုင်အထက်တန်းကျောင်းနား ရောက်ခါနီးမှ မီးကထလာလို့ ပျူတွေက အရင်မြင်လို့ပစ်တာ။ ပထမ သူတို့ကို လက်နက်ကြီး ၂ လုံး ပစ်ထည့်လိုက်သေးတယ်။ နောက်မှ နာရီဝက်ကျော်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်တာ။ အဲကျောင်းတွေက စကစကိုလက်ခံတယ်။ ကျောင်းပိုင်ရှင်ကိုယ်တိုင်က ပျူဖြစ်တယ်" လို့ ပြောပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု အပြီးမှာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ပျူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲကြောင့် PDF ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ပြီး ရဲမာန်ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ကျောင်းဆောင်မှန်တံခါးတွေနဲ့ အဆောက်အဦး ထိခိုက်ပျက်စီးတာရှိတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Kanbalu Undergound warriors စိန်​ဗေဒါအဖွဲ့၊ မုန်တိုင်း LDF ခင်ဦး၊ ရေဦး ပကဖ အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ်၊ ထန်းကုန်းအုပ်စု၊ ယောကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို P.L.G.F မြေပြင်လှုပ်ရှားညီနောင်များ၊ ကန့်ဘလူမြို့နယ် L-PDF မဟာမိတ်အဖွဲ့များနဲ့ Kanbalu underground warriors အဖွဲ့တို့ ပူးပေါင်းပြီး ဒရုန်းဗုံးသီး (၁) လုံး ၊ ၁၂၀ မမ (၅)  လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ကာဘိုးတိုက်နယ်ဟာ လက်ရှိစစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် လုပ်နေသူ ဦးမြတ်ကျော်ရဲ့ ဇာတိ ဖြစ်တယ်လို့လည်း ဆိုပါတယ်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10