“နယ်စပ်မြို့ပေါ်ကတိမ်တွေ”  ကျောင်းဖွင့်ချိန်မှာ သူတို့ပြန်ရောက်မလာပါ (ရသစာတမ်း)

“နယ်စပ်မြို့ပေါ်ကတိမ်တွေ”  ကျောင်းဖွင့်ချိန်မှာ သူတို့ပြန်ရောက်မလာပါ (ရသစာတမ်း)

ပြီးခဲ့တဲ့ ဆောင်းနှောင်းရာသီ နှင်းတွေပိန်းပိတ်အောင်ကျတဲ့ ဆောင်းနှောင်းတရက်မှာတော့ မဲဆောက်မြို့ကနေ သောင်းရင်းမြစ်ကိုဖြတ်လို့ သူတို့သားအမိတွေ မြန်မာနိုင်ငံကို ပြန်သွားကြပါတယ်။ သူတို့ကနိုင်ငံဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်နေကြတဲ့ မိသားစုတွေထဲက မိသားစုတစုပေါ့။

အမေဖြစ်သူရဲ့ခေါ်ဆောင်ရာအတိုင်း ၄ နှစ်အရွယ် ဖိုးဝရုပ်လေးရယ်၊ ၈ နှစ်အရွယ် အမဖြစ်သူတို့ဟာ ဘယ်သူမှ သတိမထားမိခင်မှာပဲ နယ်စပ်မြို့ရဲ့ အစွန်အဖျားရပ်ကွက်စိုက်ခင်းတွေထဲကနေ ပျောက်ကွယ်သွားကြပါတော့တယ်။ 

 

၁။

မိုးစပါးတွေရိတ်သိမ်းပြီးကာစ လယ်ကန်သင်းရိုး လမ်းကျဉ်းလေးကနေ ရွှေ့ပြောင်းအိမ်တွေကို သွားလို့ရတဲ့ အချိန်ပေါ့။ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ထဲမှာပဲ တခြားအစွန်အဖျားရပ်ကွက်တခုကို ကျနော် ပြောင်းရွှေ့နေထိုင်ခဲ့ရပြန်ပါတယ်။

နယ်စပ်မြို့လေးရဲ့ နှစ်နှစ်တာဖြတ်သန်းမှုမှာ ၄ နေရာမြောက် နေအိမ်ပြောင်းရွှေ့ရတာပါပဲ။ နယ်မြေအသစ်ရဲ့ အခြေအနေကို ကျနော် သိပ်မလေ့လာလိုက်ရပါဘူး။ နယ်ခံညီအကိုလိုခင်ကြတဲ့ မိတ်ဆွေတွေရှိနေတဲ့ အတွက် ခဏတွင်းမှာပဲ အဲဒီရပ်ကွက်လေးရဲ့ ရပ်ကွက်သားတဦးလို့ ပျော်ဝင်အသားကျသွားခဲ့တယ်။

ရပ်ကွက်ထဲကို ကြိုတင်ရောက်ပြီး အသားကျနေထိုင်နေတဲ့ ကျနော်တို့ ပဲခူးတိုင်း တနယ်ထဲသား နိုင်ငံရေးသမား အကိုတယောက်ရယ် CDM ကျောင်းဆရာအကိုတယောက်ရယ်က ရွှေ့ပြောင်းလုပ်သား တောင်ယာသမားတွေဆီကို စကားစမြည်ပြောဖို့ နေ့စဉ်နီးပါးလို သွားကြတဲ့အခါ ကျနော်လိုက်သွားဖြစ်တတ်ပါတယ်။

တခါတလေလည်း နယ်စပ်တကျောမှာ သူတို့နေထိုင်ကြီးပြင်း ရှင်သန်ကျက်စားနေကြပုံကို ကျနော် အံ့ဩမှင်သက်ရတယ်။ သူတို့တွေက နိုင်ငံရပ်ခြားမှာဆိုပေမယ့် ဧည့်စာရင်းတိုင်စရာမလိုဘဲ နေထိုင်နိုင်ကြတဲ့ နိုင်ငံရပ်ခြားက ဧည့်သည်တွေ။ ဒီလိုပြောရင် သူတို့ကြိုက်မှာ မဟုတ်လောက်ဘူး။ တချို့က ထိုင်းနိုင်ငံသားမဖြစ်ယုံတမယ် ထိုင်းမှာမွေး ထိုင်းမှာကြီးပြင်း ကျင်လည်နေကြသူတွေ။ 

သူတို့က မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ချောင်းသာသာ သောင်ရင်းမြစ်ကိုဖြတ် အိမ်ဦးနဲ့ကြမ်းပြင်လို့ ကူးချည်သန်းချည်ပဲ။ တခါတလေဆို မနက်အစော ပီနံအိတ်ထုပ်လေး ထမ်းပိုးရွက်ပြီး မြန်မာနိုင်ငံကို ခဏပြန်သွားလိုက်တာ ညနေမှောင်ရီဖြိုးဖျ အချိန်မှာ ချက်ပြုတ်စရာ မီးဖိုချောင်ပစ္စည်းလေးတွေနဲ့ ထိုင်းနိုင်ငံရဲ့ တောင်ယာလယ်ကွင်းလေးတွေထဲကို ပြန်ရောက်လာတတ် ပြန်ပါတယ်။

အဲဒီလိုအာဂ မြန်မာရွှေ့ပြောင်းလုပ်သား တောင်ယာသမားများပါပေ။ ပြောမယုံကြုံဖူးမှသိ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းခဲ့ကြသူများပါပေ။

 

၂။

မိုးကာလကုန်သွားပေမယ့် ရွှေ့ပြောင်းတဲလေးတွေ နောက်ကနေစီးနေတဲ့ ချောင်းသေးလေးမှာ ရေကျန်နေပါသေးတယ်။ အဲဒီချောင်းလေးထဲမှာ ကျနော်နဲ့ CDM ကျောင်းဆရာအကိုတို့က အပျော်တမ်း ကဏန်းလုံးလိုက်စမ်းကြတာပေါ့။ ချောင်းထဲကိုကျနော်တို့ဖြတ်ဆင်းကြတဲ့ နေရာနားမှာ တဲအိမ်တလုံးနဲ့ ထိုင်းနိုင်ငံသားတွေ အသုံးပြုခဲ့တဲ့ ကွန်ကရစ်ဝက်ခြံတခုလည်း ရှိနေပါတယ်။

အဲဒီတဲအိမ်လေးကမိသားစုနဲ့ ကျနော် စတင်သိကျွမ်းခဲ့ရတယ်။ အိမ်ပိုင်ရှင် အမျိုးသားကိုတော့ ကျနော်က ကိုကဏန်းလို့ အလွယ်မှတ်ထားလိုက်တယ်။ ကဏန်းလုံးလိုက်စမ်းတဲ့နေရာမို့ မြန်မာ့နည်းမြန်မာ့ဟန် နာမည်မှည့်နည်းပေါ့။ 

တဲအိမ်နားမှာ ကွန်ကရစ်ဝက်ခြံပျက်ကို အိမ်လုပ်ထားတဲ့ နေရာမှာနေတဲ့ မိသားစုလေး တစု။ အဖေအမေနဲ့ မောင်နှမ နှစ်ယောက်ဖြစ်တဲ့ ၈ နှစ်အရွယ် မိန်းကလေးငယ် သူ့အောက်မှာ ၄ နှစ်အရွယ် မောင်လေးတို့ မိသားစု ၄ ဦး နေကြတယ်။

တလကျော်ကျော် နှစ်လလောက်မှာတော့ ကွန်ကရစ်ဝက်ခြံလေးမှာနေကြတဲ့ မိသားစုထဲက အမေဖြစ်သူနဲ့ မောင်နှမနှစ်ယောက်ကို ကျနော် မျက်မှန်းတန်းမိလာတယ်။ ပြုံးပြနှုတ်ဆက်ဖြစ်တယ်။ အလုပ်သွားလုပ်နေကြ အဖေဆိုသူကိုတော့ အတွေ့ရနည်းတယ်။ ၄ နှစ်အရွယ်ကောင်ကလေးကို ကျနော်က ဖိုးဝရုပ်လေးလို့ အမည်လွယ်ပေးခဲ့တယ်။ သူ့မျက်နှာမှာ သနပ်ခါးထူလပျစ် ပါးကွက်အဝိုင်းကြီးနှစ်ခုကို ပါးဖောင်းဖောင်းမှာ အမြဲလိမ်းပေးထားတယ်။

ဖိုးဝရုပ်လေး အမ က မြန်မာရွှေ့ပြောင်းတွေတက်ကြတဲ့ ကျောင်းမှာတက်နေသူ။ မနက်တကြိမ်စောစောနဲ့ ညနေ ကျောင်းဆင်းချိန်တွေမှာ သူတို့မိသားစုလေးက ကျနော့်အိမ်ရှေ့လမ်းမကြီးကနေ ကျောင်းသွားကြတယ်။ အမေဖြစ်သူနဲ့ ဖိုးဝရုပ်လေးက သူ့အမ ကျောင်းသူလေးကို လိုက်လိုက်ပို့ကြလို့။ သူတို့ကျောင်းသွားချိန်ဆို ကျနော် ကြည်နူးပြုံးမိတယ်။ 

အမေဖြစ်သူဟာ တောသူတောင်သူမို့ အသားညိုညိုသနပ်ခါးအကြားမှာ ချည်အင်္ကျီအကြမ်း လုံချည်တိုတိုနဲ့ နေပူချိန်ဆို ဝါးခမောက်ချွန်ကို ဆောင်းထားတတ်တယ်။ တခါတလေလည်း ဖိုးဝရုပ်လေးကို ချီသွားတယ်။ တခါတလေလည်း လက်ကဆွဲလို့ ချက်ပြုတ်စရာတွေ ဝယ်ခြမ်းတယ်။ တခါတလေလည်း စက်ဘီးအစုတ်ကလေးပေါ် ဖိုးဝရုပ်လေးကို တင်တွန်းပြီး ကျောင်းဆင်းကျောင်းတက် ငါးရက်တာမပျက်တဲ့ ဝတ်ကိုပြုရှာတယ်။ 

တခါတလေသော ကျောင်းဆင်းချိန်တွေဆို လယ်ကန်သင်းလမ်းတလျောက် သားအမိတွေ စနောက်ပြီး ရီမောလို့ ကျောပိုးအိတ်လေးကို အမေဖြစ်သူက လွယ်လို့ မောင်နှမနှစ်ယောက်က တန်ဖိုးနည်းနည်း မုန့်ကို မျှစားကြလို့ ကျနော့်မှာ ကြည်နူးရတယ်။

 

၃။

အကြောင်းအမျိုးမျိုးနဲ့ ပြောင်းလာကြရတဲ့ မြန်မာရွှေ့ပြောင်းနွမ်းပါးမိသားစုတွေက ကလေးတွေ ကျောင်းဝတ်စုံဝတ်ပြီး ကျောင်းသွားတာမြင်ရတိုင်း ကျနော် ကျေနပ်တယ်။ ကြည်နူးတယ်။ ဝမ်းနည်းဝမ်းသာဖြစ်ရတယ်။ 

တချို့က အနေကြာလာသလို အကြောင်းတိုက်ဆိုင်မှု၊ အကူညီပေးသူတွေနဲ့ အာမခံပေးတဲ့သူတွေ ရှိတဲ့အခါ ထိုင်းနိုင်ငံအစိုးရရဲ့ မူလတန်းကျောင်းတွေမှာ အခွင့်အရေးတခုအနေနဲ့ သူတို့နိုင်ငံသားတွေနဲ့ တန်းတူ ကျောင်းတက်ခွင့်ရတယ်။

တချို့ကတော့ အနေမကြာသေးတာ၊ အထောက်အထားတစုံတရာမရှိတာ၊ အကြောင်းတိုက်ဆိုင်မှုမရှိတာ အကူညီပေးမယ့်သူနဲ့မတွေ့တာတွေနဲ့ ထိုင်းအစိုးရကျောင်းတွေမှာ တက်ခွင့်မရဘူး။ ဒါပေမယ့် မဲဆောက်မှာ မြန်မာရွှေ့ပြောင်းတွေအတွက် နှစ်ပေါင်းများစွာကတည်းက ဖွင့်ထားတဲ့ လူငယ်ဖွံ့ဖြိုးရေးစင်တာလို့ခေါ်ကြတဲ့ စာသင်ကျောင်းတွေရှိတယ်။ 

ဒီကျောင်းတွေကို ထိုင်းအစိုးရက နားလည်မှုတခုနဲ့ ခွင့်ပြုထားတယ်။ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအများစုကတော့ အဲဒီကျောင်းတွေမှာပဲ ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခဲ့ကြသလို တချို့လည်း ပညာရေးတပိုင်းတစ သေစာရှင်စာဖတ်တတ်ရုံနဲ့ အပြင်အလုပ်တွေ ထွက်လုပ်ကြတာ ရှိတယ်။ 

ဘာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံကိုရွှေ့ပြောင်းလာကြရတဲ့ သူတွေရဲ့ သားသမီးတွေအတွက် ပညာရေးအားကိုးစရာဟာ မြန်မာရွှေ့ပြောင်းကျောင်းတွေပါပဲ။ တချို့ကျောင်းတွေက အခမဲ့ တချို့ကလည်း ဝန်ဆောင်ခအနည်းငယ်ပဲ ယူကြတယ်။ 

တချို့လည်း မယုံနိုင်လောက်အောင်ကို မြန်မာနိုင်ငံ မြဝတီမြို့ကနေ နယ်စပ်တံတားကိုဖြတ်ပြီး မဲဆောက်က မြန်မာရွှေ့ပြောင်းကျောင်းတွေကို နေ့စဉ် ကျောင်းလာတက်သူတွေ ရှိတယ်။ ဒါကိုလည်း ထိုင်းနိုင်ငံအစိုးရနဲ့ တာဝန်ရှိသူတွေက ခြွင်းချက်တခုအနေနဲ့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုပေးတယ်။ 

 

၄။ 

ဆောင်းဦးရက်တွေနဲ့ အတူ ဖိုးဝရုပ်တို့ သားအမိကတော့ ကျောင်းတက်ကျောင်းဆင်း သွားနေခဲ့ကြတယ်။ အဲဒီကာလတွေမှာ ကျနော်လည်း အစွန်အဖျားရပ်ကွက်လေးထဲက မြန်မာရွှေ့ပြောင်းတွေနဲ့ ပိုလို့ ရင်းနှီးကျွမ်းဝင်လာပြီ။ တချို့မိသားစုတွေအကြောင်းကို ကျနော် ကောင်းကောင်းသိလာပြီ။ သူတို့ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ သောက၊ ဒေါသ၊ မောဟ၊ ဟာသတွေကို ကျနော်ကြားသိ နားထောင် ကူညီပြောဆိုပေးခွင့် ရလာပြီ။

တချို့ဆောင်းရက်များရဲ့ နှင်းငွေ့အောက်မှာ ဆည်မြောင်းတာဘောင်ရိုးတလျှောက် အလုပ်သွားကြတဲ့ စက်ဘီးစီးအလုပ်သမားတွေကို မြင်ရတယ်။ တချို့နံနက်ခင်းတွေမှာတော့ နံနက်ခင်းမီးဖိုဘေး မီးလှုံနေကြတဲ့ ကလေးငယ်တွေကိုတွေ့ရတယ်။ တခါတလေသော ညနေခင်းတွေမှာတော့ အိမ်စုစုတဲတန်းလေးတွေဆီကနေ အော်ဟစ်ဆဲဆို ရန်ဖြစ်ကြသံတွေကို အတိုင်းသား ကြားရပြန်ပါတယ်။  

တချို့လည်း အလုပ်ခဏနားထားလို့ ခေါင်းငိုက်စိုက်နဲ့ အလုပ်ထွက်ရှာကြရတယ်။ တချို့လည်း မပြေလည်မှုတွေကြား မျှော်လင့်ချက်ကြီးစွာနဲ့ ထိုင်းနိုင်ငံရဲ့ မြို့ကြီးတွေဆီကို အောက်လမ်းကနေ ရတဲ့နည်းနဲ့ တက်သွားကြတယ်။ တချို့ကတော့ ပြည်တွင်းထဲကို ပြန်ဝင်သွားကြတယ်။

ဒီလိုအဖြစ်အပျက်တွေကြားမှာ ဖိုးဝရုပ်လေးတို့ မိသားစုလည်း လောကဓံရဲ့ ရိုက်ပုတ်ခါထုတ်လိုက်မှုကို ခံခဲ့ရပါတယ်။ နေ့စားလုပ်သားအဖြစ် အလုပ်မှန်မှန်မရတဲ့ ဖိုးဝရုပ်လေးတို့ ဖခင်ဖြစ်သူဟာ ဘန်ကောက်ကို တက်ဖို့ ကြိုးစားပါတယ်။ မိသားစုလေးတွေလည်း ပိုက်ဆံရှားပါးလာလို့ အတော်ကျပ်တည်းလာပုံရတယ်။ ဖြစ်ချင်ရာဖြစ် မိခင်ကတော့ ပြည်တွင်းထဲကိုပြန်ပြီး ကိုယ့်ဒေသမှာပဲ ရတဲ့အလုပ်လုပ်ပြီး ဖြတ်သန်းဖို့ စဉ်းစားနေပြီလို့ ကျနော် ကြားသိလိုက်ရတယ်။

မိဘတွေရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ လူမယ်ကလေးနှစ်ယောက်ဟာ လိုက်နာရပါတယ်။ မိခင်ဖြစ်သူရဲ့ ခေါ်ရာကို လိုက်ပါသွားရပါတယ်။ ဖိုးဝရုပ်လေး အမ ကျောင်းပြီးဆုံးအောင် တက်မသွားခဲ့ရပါဘူး။ ဆောင်းနှောင်းရက်တွေက အေးစက်နာကျင်လှချည်ရဲ့။ ဆောင်းနှောင်းရက်တွေက တိတ်ဆိတ်စွာ မသိကျိုးကျွံပြုနေရဲ့။ ဆောင်းနှောင်းရက်ရဲ့ အကြွင်းအကျန်နှင်းတွေက လမ်းတွေကို ဖုံးအုပ်ထားရဲ့။

နှင်းတောထဲကို တိုးဝင်သွားတဲ့ သူတို့သားအမိဟာ အပြင်လောကအအေးဒဏ်ကို သတိပြုမိပါ့မလား။ မိခင်သောကကို ကျနော်ကောင်းကောင်းသိပါတယ်။ ကလေးနှစ်ယောက်ကတော့ အပူကိုသိရှာမယ်မထင်။ ဖခင်ဖြစ်သူကတော့ ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့ ကျန်ရစ်ခဲ့တယ်။ နောက်ရက်တွေမှာတော့ ဘန်ကောက်ကို တက်သွားပြီလို့လည်း ကျနော်ကြားမိတယ်။ ဖိုးဝရုပ်လေးတို့ သားအမိသတင်းကိုတော့ ဘာမှ မကြားရတော့ဘူး။

 

၅။

မေလဆန်းတော့ ကျနော့်အိမ်ရှေ့ လမ်းမတဘက်က ပြောင်းခင်းတွေရိတ်သိမ်း ပြီးသွားကြပြီ။ တနွေလုံး ပြောင်းပင်တွေကြောင့် ကွယ်ပျောက်နေခဲ့ရတဲ့ မြင်ကွင်းကျယ်တွေ ပြန်ပေါ်လာတယ်။ မိုးသားတိမ်လိပ် တိမ်တောင်ရိပ်နောက်ခံနဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တောင်ယာသမားတွေရဲ့ တဲအိမ်လေးတွေကို မြင်ကွင်းကျယ်ထဲမှာ ထင်ထင်ရှားရှား ပြန်မြင်လာရတယ်။ 

မြင်ကွင်းတွေနဲ့အတူ ပြန်ပေါ်မလာတော့တာကတော့ ဖိုးဝရုပ်လေးတို့မိသားစုပါပဲ။ ကျနော်မှတ်မှတ်ရရ ရှိနေတဲ့မိသားစုလေးမို့ သူတို့ပတ်ဝန်းကျင်ကို တခုတ်တရမေးဖြစ်ပါတယ်။ သူတို့ပြန်ရောက်မလာကြပါ။ တိုက်ဆိုင်စွာပဲ မိုးဦးကာလ စာသင်နှစ်တနှစ်ရဲ့ နေ့ရက်တွေအစပြုချိန် ကျောင်းဝတ်စုံဝတ်ထားတဲ့ ကလေးတချို့ကိုမြင်တော့ သူတို့မောင်နှမ နှစ်ယောက်ကို ကျနော်မှတ်မှတ်ထင်ထင် သတိရမိတယ်။ 

ကျနော်လမ်းလျှောက်ထွက်တိုင်း ကွန်ကရစ်ဝက်ခြံလေးကို ကြည့်ဖြစ်တယ်။ နေထိုင်သူမဲ့နေတဲ့ အိမ်ဆိုတဲ့ အရာလေးဟာ ပိုပြီးဟောင်းနွမ်းလာတယ်။ အရင်လို ကလေးအော်သံ မကြားရဘူး။ ဝါးတန်းလေးတွေမှာ ကျောင်းဝတ်စုံတွေ လှန်းမထားတော့ဘူး။ တောရိုင်းပင်တွေနဲ့ မြက်ရိုင်းပင်တွေ နေရာတော်တော်များများကို စိုးမိုးထားကြပြီ။

တခြားသော ကျနော်မသိတဲ့ ရွှေ့ပြောင်းမိသားစုတွေ ဘယ်နှစ်စုလောက်များ ဒီလိုအဖြစ်အပျက်ထဲမှာ ဘဝတွေကို ပစ်ချသွားခဲ့ကြလဲ။ ကွဲကွာသွားကြလဲ။ ခွဲခွါသွားကြလဲ။ ရခဲလှတယ်ဆိုတဲ့ လူ့ဘဝမှာ အရာရာဟာ ရဖို့ခဲယဉ်းကြတာပဲ။ ကမ္ဘာကြီးဟာ တခုခုဆို အမြဲနောက်ကျတတ်တယ်ဆိုတာ ဘာများ မေးခွန်းထုတ်ချင်ပါသလဲလို့ ကျနော် ကိုယ်ဘာသာ မေးခွန်းထုတ်မိတယ်။ ကျနော့်မှာ အဖြေမရှိပါ။

 

၆။

နယ်စပ်မြို့လေးရဲ့ အစွန်အဖျား မြင်ကွင်းကျယ်ကျယ်မြင်ရတဲ့ နေရာကနေ ကျနော် အဝေးကို ငေးမိပြန်ပါတယ်။ တောင်တန်းတောင်စွယ်တွေ မှိုင်းညို့နေတယ်။ အဲဒါ မြန်မာနိုင်ငံက တောင်တန်းတွေလား။ ထိုင်းနိုင်ငံက တောင်တန်းတွေလား။ သောင်ရင်းမြစ်က ခြားထားသလား။ သောင်းရင်းမြစ်က ပေါင်းဆုံစေသလား။ 

တောင်တွေရဲ့အပေါ်မှာတော့ တိမ်တွေ။ တောင်တန်းတွေနဲ့ ထိစပ်နေကြသလို တောင်တန်းတွေကို အုပ်မိုးထားပေးတယ်။ မိုးကာလဆိုတော့ တောင်နဲ့တိမ် ရောယှက်လိမ်နေတယ်။ မိုးသားတိမ်လိပ်တွေ အလိပ်လိပ်ထနေတယ်။

တိုက်ခတ်နေတဲ့လေထဲ တိမ်တွေရွေ့နေတာကို အတိုင်းသားမြင်ရတယ်။ ခပ်ပြင်းပြင်းတိုက်ခတ်တဲ့အခါ တိမ်တွေ ခပ်မြန်မြန်ရွေ့သွားကြတယ်။ လေငြိမ်တဲ့အခါတော့ တိမ်တွေဖြေးဖြေးလေး ရွေ့တယ်။ 

ရွေ့နေတဲ့တိမ်တွေဟာ ဘယ်နိုင်ငံကတိမ်တွေလဲ။ နယ်စပ်မြို့ပေါ်က တိမ်တွေဆိုတော့ သူတို့မှာ နယ်နိမိတ်တိတိပပ ရှိမယ်မထင်ဘူး။ လေနှင်ရာ ကူးသန်းနေရရှာတာကိုး။ 

#မြေလတ်အသံ

#ရသစာတမ်း #ထိုင်းနိုင်ငံ #မဲဆောက် #မြန်မာ #ရွှေ့ပြောင်းလုပ်သား #ပညာရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10