ကျောင်းမတက်ဘဲ စာမေးပွဲဖြေဆိုခွင့်ပြုပေးခဲ့လို့ ပညာရေးဝန်ထမ်းတွေစစ်ဆေး‌ခံနေရ

ကျောင်းမတက်ဘဲ စာမေးပွဲဖြေဆိုခွင့်ပြုပေးခဲ့လို့ ပညာရေးဝန်ထမ်းတွေစစ်ဆေး‌ခံနေရ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ အမှတ် ၅ အ​ခြေခံပညာအထက်တန်းကျောင်းက Grade-9 (၈ တန်း) ကျောင်းသူတဦးမှာ ကျောင်းမတက်ဘဲ စာမေးပွဲဖြေဆိုခွင့်ပေးတယ်ဆိုပြီး စစ်ကောင်စီနဲ့ နီးစပ်သူကျောင်းသားမိဘတွေက တိုင်ကြားခဲ့လို့ ပညာရေးဝန်ထမ်းတွေကို ခေါ်ယူစစ်ဆေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


စစ်ကောင်စီက မတ်လ ၁၇ ရက်ကစတင်လို့ ၂၀၂၂ ခုနှစ်အတန်းတင်စာမေးပွဲပြုလုပ်နေတာဖြစ်ပြီး၊ အဲ့ဒီကျောင်းသူက စစ်ကောင်စီရဲ့ကျောင်းကို တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေမယ့် စာမေးပွဲဖြေဆိုဖို့လျှောက်ထားခဲ့လို့ ကျောင်းအုပ်ဆရာမက ခွင့်ပြုပေးခဲ့တာလို့ သိရပါတယ်။

''စာမေးပွဲမဖြေခင် ရက်ပိုင်းအလိုမှာပေါ့။ အဲ့ဒီက လေးမရဲ့မိဘတွေက စာမေးပွဲဖြေဆိုခွင့်ပေးဖို့ဆိုပြီးတော့ ကျောင်းအုပ်ဆီကို ခွင့်တောင်းတော့။ ကျောင်းအုပ်ကနေ အဆင့်ဆင့်  ပြည်နယ်ပညာရေးမှူးထိတင် ပြပြီးခွင့်ပြုပေးတာ'' လို့ တောင်ကြီးမြို့ခံတဦးက ပြောပါတယ်။

အဲ့ဒီလို စာမေးပွဲဖြေဆိုဖို့ ခွင့်ပြုပေးခဲ့တာကို စစ်တပ် ထောက်ခံပြီး ကျောင်းတက်ရောက်နေတဲ့အသိုင်း အဝိုင်းက သိခဲ့ပြီး၊ ကျောင်းမတက်ဘဲ စာမေးပွဲဖြေဆို ခွင့်ပေးတယ်လို့ဆိုပြီး စစ်ကောင်စီထံဝိုင်းဝန်းတိုင် ကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

''အဲ့ဒီလိုဖြေဆိုခွင့်ပေးလို့ဆိုပြီးတော့ တခြားကျောင်းတက်တဲ့ ကျောင်းသားတွေရဲ့ မိဘတွေက စစ်တပ်ထဲက နည်းနည်းပေါက်ရောက်တဲ့ သူတွေကနေတဆင့် တိုင်တာ။ အဲ့ဒီရက်က ပညာရေးဝန်ကြီးလား သူကလည်း ဒီရှမ်းပြည်ဘက်ရောက်နေတဲ့အချိန်ဆိုတော့ ပြသနာကြီးသွားတယ်''လို့ သူက ဆက်‌ပြောပါတယ်။

အဲ့ဒီလိုတိုင်ကြားခံရတာကြောင့် စစ်ကောင်စီလက် အောက်ခံပညာရေးဝန်ထမ်းတွေဖြစ်တဲ့ တောင်ကြီး အ.ထ.က ၅ ကျောင်းအုပ်ဆရာမ ဒေါ်မြမြခိုင်၊ မြို့နယ်ပညာရေးမှူး ဒေါက်တာသင်းသင်းခိုင်၊ ခရိုင်ပညာရေးမှူးနဲ့ ပြည်နယ်ပညာရေးမှူးရုံးက ဝန်ထမ်းတွေကို စစ်ကောင်စီက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တိုင်ကြားခံရမှုတွေကြောင့် အဲ့ဒီကျောင်းသူဟာ စာမေးပွဲစတင်ဖြေဆိုခဲ့တဲ့နေ့မှာဘဲ စာမေးပွဲဖြေဆိုခွင့်ပြန်လည်ပိတ်သိမ်းခံရပြီး ဝင်ရောက်ဖြေဆိုခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10