ကျေးရွာကို ပြန်မလာရင် ပိုင်ဆိုင်မှုသိမ်းမယ်လို့ စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်

ကျေးရွာကို ပြန်မလာရင် ပိုင်ဆိုင်မှုသိမ်းမယ်လို့ စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ လက်ပံရွာက ထွက်ပြေးနေရတဲ့ ဒေသခံတွေ ရွာကိုပြန်မလာရင် ပိုင်ဆိုင်မှုသိမ်းမယ်လို့ စစ်တပ်နဲ့အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ပံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်တပ်က အင်အားတိုးတပ်စွဲလာပြီး လက်နက်ကြီးပစ်ခတ်တာ၊ အစစ်ဆေးတင်းကြပ်တာတွေ လုပ်ဆောင်နေကာ တိုက်ပွဲတွေထပ်မံဖြစ်ပွားလာရင် ထိခိုက်မှာစိုးတာကြောင့် ဒေသခံ ၂၀၀ ကျော်ဟာ ကျေးရွာကနေ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

"ရွာမှာက အစိမ်း(ကြံ့ခိုင်ရေး) အုပ်စုများတယ်။ NLD ထောက်ခံသူနဲ့ ကြားနေကနည်းတယ်။ ခုက တိုက်ပွဲဖြစ်လာရင် ကြားညပ်ထိမှာစိုးလို့ ကြားနေတွေနဲ့ NLD ထောက်ခံတွေက ရှောင်နေရတယ်။ တိမ်းရှောင်နေရသူတွေကို ၃ လအတွင်း ပြန်မလာရင် ပိုင်ဆိုင်မှုတွေသိမ်းမယ်ဆိုပြီး ခြိမ်းခြောက်လာလို့ အခက်ခဲတွေ့နေရတယ်"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်ကစပြီး စစ်ကောင်စီတပ် အင်အား ၅၀ ကျော်လောက်ဟာ လက်ပံရွာနဲ့ ပေါက်တန်းရွာဘက်ကို ရောက်လာပြီး လက်နက်ကြီးတွေတပ်ဆင်ကာ စက်တင်ဘာလ ၁၅ ရက် မနေ့ ညပိုင်းအထိ ညတိုင်းနီးပါး လက်နက်ကြီးတွေပစ်ခတ်နေတယ်လို့ သိရပါတယ်။

တပ်လာစွဲထားတဲ့ စစ်ကောင်စီတပ်တွေက KNLA တပ်မဟာ ၁ နယ်မြေအတွင်းကို လက်နက်ကြီး ၅ လုံးမှ ၁၀ လုံးကြား ညစဉ်ပစ်ခတ်နေတာတွေရှိနေပြီး ဝေါမြို့နယ်နဲ့ KNLA တပ်မဟာ ၁ နယ်မြေဟာ စစ်တောင်းမြစ်တခုသာ ခြားနေတာပါ။

စစ်ကောင်စီလက်နက်ကြီးပစ်နေလို့ ဝေါမြို့နယ်ထဲက လက်ပံ၊ ပေါက်တန်း၊ ဆင်ရွာက ဒေသခံတွေနဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာက ဒေသခံတွေလည်း တိမ်းရှောင်နေရပါတယ်။

စက်တင်ဘာ ၉ ရက် ညနဲ့ ၁၀ ရက် မနက်တွေမှာ လက်ပံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီးနောက်မှာ ဒေသခံတွေကို ည ၆ နာရီ ကနေ မနက် ၆ နာရီအတွင်း သွားလာခွင့်မပြု တော့သလို စစ်ဆေးမှုတွေလည်း တင်းကြပ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ဝေါ #စစ်ကောင်စီတပ် #ခြိမ်းခြောက်မှု #စစ်ဘေးရှောင် #KNLA #တပ်မဟာ၁ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10