ကျေးရွာကို မီးရှို့ဖို့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၄ ဦးသေ

ကျေးရွာကို မီးရှို့ဖို့လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၄ ဦးသေ

စစ်ကိုင်းတိုင်း၊ ယင်းမာမြို့နယ်၊ မြရိပ်ကျေးရွာကို မီးရှို့ဖို့ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ ဇန်နဝါရီလ ၂၅ ရက်မှာ တိုက်ခိုက်ခံရတာကြောင့် ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အင်အား ၈၀ ဝန်းကျင်နဲ့ စည်လှောင်ချောင်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက မြရိပ်ကျေးရွာကို မီးရှို့ဖို့ဝင်လာချိန် မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တာလို့ စစ်ကျွန်မခံမြွေဆိုးတသိုက် - PDFမှ တပ်ရင်းမှူး ဗိုလ်ပေါကြီးက ပြောပါတယ်။

"ကျနော်တို့ မိုင်းဆွဲလိုက်တဲ့အချိန်မှာ မိုင်းကွင်းထဲကို ဝင်သွားတဲ့ RPG ထမ်းတဲ့ စကစ ၁ ယောက် နဲ့ ဘေးနားက ၃ ယောက်က ပွဲချင်းပြီး သေသွားတာကို ကျနော်တို့ မြင်ခဲ့ရတယ်။ နောက်ထပ်လည်း ဒဏ်ရာရသွားတဲ့သူတွေ ရှိခဲ့တယ်" လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းမှာ မိုင်းဆွဲခံရပြီးနောက် ပြန်ဆုတ်မသွားဘဲ မြရိပ်ရွာထဲကို ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၇၅ လုံး ပြာကျပျက်စီးသွားခဲ့တယ်လို့လည်း  ဗိုလ်ပေါကြီးက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီလ  ၂၆ ရက်မနက်မှာ ကျေးရွာကနေ ထွက်ခွာသွားချိန် မြရိပ်ရွာအနီးက တောင်ကိုအရောက်မှာလည်း ကာကွယ်ရေးတပ်တွေနဲ့ အပြန်လှန်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးကို မသိရဘူးလို့လည်း ဗိုလ်ပေါကြီးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ရက်နေ့မှာလည်း စစ်ကျွန်မခံမြွေဆိုတသိုက် - PDF၊ SBTF - တပ်ခွဲ (၃) တို့က ပုလဲမြို့နယ်၊ ဆီးဖြူကုန်းရွာမှာ အထိုင်ချတပ်စွဲနေတဲ့ ပျူတွေနဲ့ စစ်ကောင်စီ တပ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ 

ပုံစာ − စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ မြရိပ်ရွာ။ 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10