ကျေးရွာချင်း ကုန်ကူးသန်းခွင့်ပိတ်ထားလို့ အောင်လံမြို့နယ်က ရွာ ၁၀ ရွာလောက်မှာ ရိက္ခာပြတ်နေ

ကျေးရွာချင်း ကုန်ကူးသန်းခွင့်ပိတ်ထားလို့ အောင်လံမြို့နယ်က ရွာ ၁၀ ရွာလောက်မှာ ရိက္ခာပြတ်နေ

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာကို ဝင်ထွက်ခွင့်ပိတ်လိုက်တာကြောင့် အဲ့ဒီရွာကနေ အဓိကစျေးဝယ်ယူနေရတဲ့ ကျေးရွာ ၁၀ ရွာလောက်မှာ ရိက္ခာပြတ်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ 

မေ ၁၃ ရက်ကစတင်ကာ ရွှေပန်းတောကျေးရွာမှာရှိတဲ့ ကုန်တင်ကား ၁၀ စီးလောက်ကို ရွာကနေမထွက်ခိုင်းတဲ့အပြင် အခြားကျေးရွာကသူတွေကိုလည်း ရွာထဲကိုမဝင်ခိုင်းတော့ဘဲ စစ်ကောင်စီတပ်သားတွေက ရွာအဝင်အထွက်တွေမှာ ဂိတ်ချစစ်ဆေးတာတွေလုပ်နေတာလို့ ဆိုပါတယ်။ 

“ရွာ ၁၀ ရွာလောက်က ဒေသခံပြည်သူတွေ ဆန်ပြတ်တဲ့ပြဿနာ စတွေ့နေရပါပြီ၊ ရွှေပန်းတောရွာက ကားတွေ ထွက်လို့မရသလို့ ရွှေပန်းတောကျေးရွာ၊ နတ်မောက်၊ ကံသာယာအစရှိတဲ့ ရွာတွေဘက်က ဘယ်ကားမှလည်းအလာမခံဘူး၊ ဆိုင်ကယ်တွေလည်း အလာမခံဘူး၊ လူတွေကိုပါ အလာမခံတော့တာပါ”လို့ အောင်လံမြို့ ဒေသခံတဦးက ပြောပါတယ်။

ရွှေပန်းတောကျေးရွာဟာ ကုန်စည်ရောင်းဝယ်ရေးမှာ အဓိကအချက်အခြာကျတဲ့ကျေးရွာဖြစ်သလို အဲ့ဒီကျေးရွာကနေမှ အောင်လံမြို့ပေါ်ကိုထွက်လို့ရနိုင်တာဖြစ်ပြီး ခုလိုစစ်ကောင်စီဘက်က သွားလာခွင့်တွေ ပိတ်လိုက်တာက ဒေသခံတွေကို ရိက္ခာရရှိဖို့ ခက်ခဲသွားစေတာလို့လည်း ဆိုပါတယ်။ 

ခုလိုသွားလာခွင့်ပိတ်လိုက်တာဟာ အောင်လံမြို့နယ်တဝိုက်မှာရှိတဲ့ ကာကွယ်ရေးတပ်တွေကို ရိက္ခာဖြတ်တောက်ချင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဒေသခံတဦးက သုံးသပ်ပါတယ်။ 

မေ ၂၇ ရက် ဒီနေ့အထိ ရွှေပန်းတောရွာအဝင်အထွက်ကို စစ်ကောင်စီအဖွဲ့တွေက ဂိတ်ချပြီး ပိတ်ထားတဲ့အပြင် ဒမလရွာ၊ တလုပ်ပင်ရွာနဲ့ ကပစ ၁၅ အဝင်ပေါက်တွေမှာ စစ်ဆေးရေးတွေလုပ်နေကာ စုစုပေါင်း အင်အား ၁၅၀ လောက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အောင်လံ #လမ်းပိတ် #ဒေသခံ #ရိက္ခာပြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10