ကျေးရွာချင်းဆက်လမ်းတွေကို စစ်ကောင်စီက ဖျက်ဆီးထားလို့ ဒေသခံတွေ သွားလာရေးခက်နေ

ကျေးရွာချင်းဆက်လမ်းတွေကို စစ်ကောင်စီက ဖျက်ဆီးထားလို့ ဒေသခံတွေ သွားလာရေးခက်နေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်းမြောင်းကျေးရွာအနီးရှိ ကျေးရွာချင်းဆက် လမ်းတွေကို စစ်ကောင်စီတပ်သားတွေက ဖျက်ဆီးထားတဲ့အတွက် ဒေသခံတွေ သွားလာရေး ခက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၆ ရက်က စတင်ပြီး ပုဇွန်းမြောင်းကျေးရွာကနေ ညောင်လေးပင်-မဒေါက်လမ်းပေါ်ကို ဖြတ်ထွက်တဲ့ ကျေးရွာချင်းဆက်လမ်း ၄ ခုကို စစ်ကောင်စီဘက်က ဘတ်ဟိုးတွေနဲ့တူးပြီး ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

"ရွာထဲကနေ ထွက်တဲ့ မိန်းလမ်းတခုဘဲ ထားပြီး ကျန်လမ်းတွေကို အကုန်ဖျက်ထားတယ်။ မိန်းလမ်းမှာက သူတို့ စစ်ဆေးရေးဂိတ်ရှိတယ်။ ခုက ပုဇွန်းမြောင်းအပါအဝင် အခြားရွာတွေက စကစ စစ်ဆေးရေးဂိတ်ကို မဖြစ်မနေ ဖြတ်ပြီးသွားရတော့မယ်။ အဲ့လိုမှ မဟုတ်ရင်တော့ အခြားဘက်ကနေ လေးငါးမိုင်လောက် ကွေ့ပတ်ပြီး ညောင်လေးပင်မြို့ကို သွားရမယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက PDF တွေ ဝင်လာနိုင်မယ့် လမ်းကြောင်းတွေကို ဖြတ်တောက်တာဖြစ်နိုင်သလို ဒေသခံတွေဆီက ငွေကြေးပိုမိုတောင်းခံနိုင်ဖို့ လုပ်ဆောင်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကျေးရွာချင်းဆက်လမ်းတွေကို အနက် ၄ ပေ၊ အကျယ် ၁၀ ပေခန့်ထိ တူးဖျက်ထားလို့ ကားနဲ့ဆိုင်ကယ်တွေ သွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။

ပုဇွန်းမြောင်းကျေးရွာအနီး မိန်းလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ဟာ ဖြတ်သန်းသွားလာတဲ့ ဒေသခံတွေကို အမြဲတမ်းလိုလို ခေါ်ယူစစ်ဆေးပြီး ငွေတောင်းတာ၊ ဖုန်းအပါအဝင် ကုန်ပစ္စည်းတွေပါမကျန် တောင်းယူတာ၊ အကြောင်းပြဖမ်းဆီးတာတွေလုပ်နေတဲ့ နေရာဖြစ်ပါတယ်။

အခုလို လမ်းတွေဖျက်ဆီးလိုက်တာကြောင့် ဒေသထွက်ကုန်တွေကို ညောင်လေးပင်မြို့ကို သွားရောက်ရောင်းချဖို့၊ လူမှုရေး၊ ကျန်းမာရေး ကိစ္စသွားလာရာမှာ စစ်ကောင်စီဂိတ်ကို မဖြစ်မနေ ဖြတ်သန်းသွားလာရမှာဖြစ်သလို စစ်ကောင်စီဂိတ်ကို မဖြတ်သန်းချင်ပါက အချိန်ကုန်၊ ငွေကုန်ခံပြီး ကွင်းရှောင်သွားလာရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ပုဇွန်းမြောင်းကျေးရွာလမ်းကို အမှီပြုပြီး ကုန်းတလကြီး၊ ပြင်ရေ၊ ဝိုင်၊ ထမင်းရုံ၊ ညောင်ပင်ကြီး၊ ဝိုင်ကျွန်း၊ အင်းကလာ အပါအဝင် ကျေးရွာပေါင်း ၂၀ လောက်က ညောင်လေးပင်မြို့ကို အနီးဆုံးလမ်းအဖြစ် အသုံးပြုသွားလာနေကြရတာ ဖြစ်ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #စစ်ကောင်စီ #ကျေးရွာချင်းဆက်လမ်း #ဖျက်ဆီး #ဒေသခံ #သွားလာရေးခက်ခဲ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10