ကျေးရွာတွေကို လျှပ်စစ်မီးပေးနေတဲ့ ဓာတ်အားလိုင်းကြိုးတွေကို စစ်ကောင်စီက ဖျက်ဆီးနေ

ကျေးရွာတွေကို လျှပ်စစ်မီးပေးနေတဲ့ ဓာတ်အားလိုင်းကြိုးတွေကို စစ်ကောင်စီက ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့လျှပ်စစ်ရုံးကနေ မြို့အနောက်ခြမ်း တမိုင်ခန့်အကွာရှိ ထန်းတောရွာကို သွယ်တန်းထားတဲ့ ဓာတ်အားလိုင်း မီးကြိုးတွေကို စစ်ကောင်စီက ဖြတ်တောက်ပစ်လို့ ကျေးရွာတွင်း မီးမရရှိတော့ဘူးလို့ ဒေသတွင်း PDF တွေဆီက သိရပါတယ်။

 

ဇူလိုင် ၇ ရက် မနေ့ညပိုင်းက ရေဦးလျှပ်စစ်ရုံးအနီးကနေ မီးကြိုးတွေကို ဖြတ်ပစ်လိုက်တာဖြစ်ပြီး ယခင်ကလည်း ရေဦးအနောက်ခြမ်းကို လျှပ်စစ်မီးပုံမှန်ပေးတာမျိုးမရှိပေမယ့် ခုလိုမီးကြိုးတွေပါ ဖြတ်ချပစ်တာကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

“ ရေဦး EPCရုံးနဲ့လည်း နီးနေတော့ ထန်းတောရွာဘက်ကို သွယ်ထားတဲ့ မီးကြိုးမှန်သမျှ အကုန်ဖြတ်ပစ်လိုက်တယ်။ ဓာတ်မီးတိုင်တွေရှိနေပြီး မီးမရတော့ ဆိုလာတွေ၊ ဖယောင်းတိုင်တွေနဲ့ နေရတယ်။  လျှပ်စစ်ရုံးက သူတို့လက်ထဲရှိတာဆိုတော့ ဖွင့်ချင်တဲ့အချိန်ဖွင့် ပိတ်ချင်တဲ့အချိန်ပိတ်ပဲ။ ကြိုးတွေဖြတ်တာကတော့ ပထမဆုံးပေါ့” လို့  People's Defense Comrade ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

 

စစ်ကောင်စီက ကျေးရွာတွေရှိရာဘက်ကို လက်နက်ကြီးပစ်မယ့်အချိန်နဲ့ စစ်ကြောင်းထိုးကာနီး အချိန်တွေဆို ညနေပိုင်းထဲက မီးဖြတ်ထားလေ့ရှိပေမယ့် အခုတခေါက်ကတော့ ဘာလှုပ်ရှားမှုမှမရှိဘဲ ကြိုးတွေကို ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

 

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း တခြားကျေးရွာတွေကိုပါ လျှပ်စစ်မီးထပ်မံဖြတ်တောက်တာတွေ လုပ်ဆောင်လာပါက လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ဌာနဆိုင်ရာနေရာတွေကို တုံ့ပြန်တိုက်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သတိပေးပြောဆိုထားပါတယ်။

 

ရေဦးမြို့နယ်ဟာ ကျေးရွာပေါင်း ၅၀နီးပါး မီးရှို့ဖျက်ဆီးခံထားရတာဖြစ်ပြီး ကျေးရွာ ၂၀ကျော်က မီးဘေးသင့် စစ်ရှောင်ပြည်သူ ၅၀၀၀နီးပါး စားနပ်ရိက္ခာအကူညီတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်တုန်းက ရေဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ မုန်တိုင်ပင်ကျေးရွာကို စစ်ကောင်စီ အင်အား ၁၇၀နီးပါးနဲ့ဝင်ရောက်ကာ မီးရှို့ဖျဆီးခဲ့လို့ နေအိမ် ၁၇ လုံး မီးလောင်ပြာကျခဲ့ပါသေးတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ရေဦး #လျှပ်စစ်မီးကြိုး #ဖြတ်တောက်ခံရ #စစ်ကောင်စီတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10