ကျေးရွာပလဖနဲ့ပကဖတို့ရဲ့ ငွေကြေးကောက်ခံမှုကို စုံစမ်းစစ်ဆေးပြီးအရေးယူမယ်လို့ ဝက်လက် ပအဖ ပြော

ကျေးရွာပလဖနဲ့ပကဖတို့ရဲ့ ငွေကြေးကောက်ခံမှုကို စုံစမ်းစစ်ဆေးပြီးအရေးယူမယ်လို့ ဝက်လက် ပအဖ ပြော

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းတိုက်နယ်ထဲက ကျေးရွာတွေမှာ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက အရက်ချက်သူတွေနဲ့ အရက်ဆိုင်တွေကနေ လစဥ်ကြေးတောင်းခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အပေါ် ခုလိုငွေကြေးကောက်ခံနေတာ မှန်၊ မမှန် စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ဝက်လက်မြို့နယ် ပအဖတာဝန်ခံက ပြောပါတယ်။ 

ဇူလိုင် ၂၀ ရက်ကစတင်ပြီး ရွှေပန်းကုန်းတိုက်နယ်ထဲက တအုံ၊ ရွာတော်၊ ဘိစပ်ကုန်း၊ ရွှေအိုးကျ၊ နဘဲလှ ကျေးရွာတွေမှာ သက်ဆိုင်ရာကျေးရွာ ပကဖနဲ့ပလဖအဖွဲ့တွေကနေ အရက်ချက်ဖို ၁ ဖိုကို ကျပ် ၃၀၀၀၀၊ အရက်ဆိုင် ၁ ဆိုင်ကို ကျပ် ၆၀၀၀၀ လစဥ်ပေးဆောင်ဖို့ တောင်းခံနေတာလို့ ဒေသခံတွေက ဆိုပါတယ်။ 

"သူတို့က မြို့နယ်ကကောက်ခိုင်းလို့ ကောက်တယ်လို့ပြောတယ်။ တပတ်အချိန်ပေးတယ်။ တပတ်အတွင်း တောင်းတဲ့ငွေလာပေးမပေးရင် ဆက်မချက်နဲ့ မရောင်းနဲ့ဆိုပြီးပြောသွားတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာ ကုန်စျေးနှုန်းကြီးမြင့်နေတဲ့အပြင် အရောင်းအဝယ်ကလည်း မကောင်းတာကြောင့် ယခုလို လစဥ်ကြေးပုံစံ ငွေကြေးတောင်းခံတဲ့အပေါ် အခက်ကြုံနေရပြီး သက်ဆိုင်ရာကျေးရွာ ပကဖ၊ ပလဖတွေနဲ့ ညှိနှိုင်းမရပါက လုပ်ငန်းရပ်နားဖို့သာရှိတော့တယ်လို့လည်း ဆိုပါတယ်။

"ငွေကတော့ ဖြစ်နိုင်ရင်မပေးချင်ဘူး။ ကြောက်လို့သာ ပေးရမှာ။ စီးပွားရေးက မကောင်း ကုန်စျေးနှုန်းကကြီး။ တကယ်လို့ တောင်းတဲ့ငွေလျှော့ပေးဖို့ ညှိနှိုငိးမရရင် ဆက်မလုပ်ရုံပဲရှိတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဝက်လက်မြို့နယ် ပအဖတာဝန်ခံကိုမေးမြန်းရာမှာ ယခုလို တော်လှန်ရေး စိုးမိုးနယ်မြေတွေအတွင်းက အရက်ချက်ဖိုတွေနဲ့ အရက်ဆိုင်တွေမှာ မြို့နယ်ခွင့်ပြုချက်နဲ့ ငွေကြေးတောင်းခံခိုင်းထားတာမျိုး မရှိဘူးလို့ ပြောပါတယ်။ 

"ကျနော်တို့ဘက်က စိုးမိုးနယ်မြေတွေအတွင်းက ရွာတွေမှာ ယစ်မျိုးနဲ့ပတ်သက်ပြီး NUG လမ်းညွှန်ချက်နဲ့အညီ အခွန်ကောက်ခံဖို့ စီစဥ်နေတာတော့ရှိတယ်။ ဒါပေမယ့် လုပ်ငန်းမစရသေးဘူး။ ခုလိုဖြစ်နေတယ်ဆိုတာလည်း မသိရသေးဘူး။ မြေပြင်ကို စုံစမ်းပါဦးမယ်" လို့ ပြောပါတယ်။

ယခုလိုဒေသခံလုပ်ငန်းတွေဆီကနေ ငွေကြေးကောက်ခံနေတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးကာ သေချာပါက ဆက်မလုပ်ဖို့သတိပေးတားမြစ်သွားမှာဖြစ်ပြီး ဆက်လုပ်နေမယ်ဆိုပါက အရေးယူမှုတွေ ရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေပန်းကုန်းတိုက်နယ်ထဲမှာ ကျေးရွာပေါင်း ၁၂ ရွာရှိပြီး အရက်ချက်ဖိုနဲ့ အရက်ဆိုင်ဖွင့်လှစ်ရောင်းချသူ ၁၀၀ ဦးထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။ 

ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီထိန်းချုပ်ထားနိုင်တာမရှိတော့တဲ့ ဒေသတွေမှာ အရက်ဖို၊ အရက်ဘီယာအရောင်းဆိုင်တွေအနေနဲ့ အများစုက စစ်ကောင်စီဘက်ကို အခွန်ဆောင်တာမျိုးမရှိတော့ဘဲ ရောင်းချနေတာတွေရှိတယ်လို့ ဝက်လက်မြို့နယ် ပအဖ တာဝန်ခံက ပြောပါတယ်။ 

အဲ့ဒီအတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကနေ NUG မူဝါဒအတိုင်း ယခင် ယစ်မျိုးလိုင်စင်ခွန်ထက် ထက်ဝက်လျော့နည်းတဲ့ အခွန်နှုန်းထားကို ကောက်ခံဖို့တော့စီစဥ်နေတယ်လို့လည်း ဆိုပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #ရွှေပန်းကုန်း #ပကဖ #ပလဖ #ပအဖ #အခွန် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10