ကျေးရွာပအဖတွေပါ နုတ်ထွက်ခဲ့ကြတဲ့ ထီးချိုင့်နယ်ပသုံးလုံးရဲ့ လမ်းသစ်စီမံကိန်း

ကျေးရွာပအဖတွေပါ နုတ်ထွက်ခဲ့ကြတဲ့ ထီးချိုင့်နယ်ပသုံးလုံးရဲ့ လမ်းသစ်စီမံကိန်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အင်းတိန်ရွာနဲ့ ဆူးပုံချောင်ရွာမှာ လမ်းဖောက်လုပ်တာနဲ့ပတ်သက်လို့ ဒေသခံတွေနဲ့ မြို့နယ်အဆင့်ပသုံးလုံးအဖွဲ့တွေကြား ဆန္ဒပြဖမ်းဆီးမှုတွေဖြစ်ပွားခဲ့ပြီး ရပ်ကျေးပအဖအဖွဲ့ဝင်တွေလည်း ရာထူးကနုတ်ထွက်မှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်မှာ ထီးချိုင့်မြို့နယ်ပအဖက ကျေးရွာဖွံ့ဖြိုးရေးဟုဆိုကာ ဆူးပုံချောင်ရွာကနေ ရွှေဘို-မြစ်ကြီးနားကားလမ်းမပေါ်ကို တိုက်ရိုက်ပေါက်တဲ့ ပေ ၃၀ အကျယ် မြေသားလမ်းကို စတင်ဖောက်လုပ်ခဲ့တာကြောင့် ဒေသခံတွေက မေ ၃၀ ရက်မှာ စတင်ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

“ လမ်းဖောက်တာမှာ  မြို့နယ်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကြားမှာ ပြေလည်မှုမရလို့ ရပ်ကျေးပအဖတာဝန်ခံတွေက ဝင်ညှိနှိုင်းပေးခဲ့တယ်။ ကျေလည်မှုမရှိခဲ့ကြလို့ မေလ ၃၀ ရက်နေ့မှာ ပထမဆုံးဆန္ဒပြပွဲဖြစ်တယ်” လို့ ထီးချိုင့်ဒေသခံတဦးက ပြောပါတယ်။

အဆိုပါလမ်းဖောက်လုပ်ရာမှာ အင်းတိန်နဲ့ ဆူးပုံချောင်ရွာအကြားရှိ အင်းတိန်ရွာသား ၃ ဦးပိုင် လယ်နဲ့ယာမြေ ၁ ဧကကျော်ဟာ လမ်းဧရိယာထဲပါဝင်နေတာကြောင့် လယ်နဲ့ယာပိုင်ရှင်တွေအပါအဝင် ဒေသခံတွေက ကန့်ကွက်ခဲ့ကြတာပါ။

မေ ၃၀ ရက် ဆန္ဒပြပွဲပြီးဆုံးပြီး နောက်တရက် မေ ၃၁ ရက်မှာတော့ ဆန္ဒပြပွဲမှာ ဟမ်းစပီကာ(Hand Speaker)ကိုင်တဲ့ အင်းတိန်ရွာသား ၂ ဦးကို ဝတ္တရားနှောက်ယှက်မှုနဲ့ မြို့နယ်ပကဖက ဖမ်းဆီးတာကြောင့် အာမခံနဲ့ညှိနှိုင်းခဲ့ရပြီး မြို့နယ်ပအဖရဲ့လမ်းဖောက်လုပ်မှုလည်း ယာယီရပ်နားသွားခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၁၃ ရက်မှာ လယ်ပိုင်ရှင်တွေနဲ့ပြေလည်သွားပြီဖြစ်ကြောင်း၊ ကန့်ကွက်နေတဲ့လယ်ပိုင်ရှင် ၃ ဦးဟာ စစ်ကောင်စီဘက်ကလူတွေဖြစ်ကြောင်း သတင်းတွေပြန့်နှံ့လာခဲ့ပြီး ဇွန် ၁၄ ရက်မှာတော့ ကျေးရွာအုပ်စုပအဖတွေကို အကြောင်းကြားတာမရှိတော့ဘဲ မြို့နယ်ပကဖတပ်ဖွဲ့ဝင်တွေ အစောင့်ချကာ လမ်းစီမံကိန်း ပြန်လည်စတင်ခဲ့တယ်လို့ သိရပါတယ်။

လူထုလက်မခံတဲ့ လမ်းစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်တဲ့အတွက် ဇွန် ၁၄ ရက်ညနေပိုင်းမှာ အလယ်တောကျေးရွာအုပ်စုက ပအဖတာဝန် ခံ၊ အင်းတိန်ရွာပအဖတာဝန်ခံ၊ ကွမ်းဘောင်အုပ်စုပအဖတာဝန်ခံနဲ့ ကျေးရွာပအဖအဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၈ ဦး ရာထူးကနေအသီးသီး နုတ်ထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ ပြည်သူတွေကလက်မခံတာကို အားတမ(အဓမ္မ)ပဲဖောက်တာ။ ဒါဟာမတရားမှုပဲဆိုပြီး ကျနော်တို့က ပြည်သူတွေဘက်ကို မျက်နှာမူပြီး ပြည်သူနဲ့တသားတည်း ရပ်တယ်။ ပြည်သူကို မျက်နှာလည်း မပြရဲတော့ဘူး၊ ရှက်စရာလည်းကောင်းတယ်။ မင်းတို့ အဖွဲ့အစည်းအောက်မှာ မလုပ်နိုင်တော့ဘူးဆိုပြီး နုတ်ထွက်လိုက်တာပါ”လို့ ရာထူးကနုတ်ထွက်ခဲ့တဲ့ ကျေးရွာပအဖတာဝန်ခံတဦးက ပြောပါတယ်။

ဇွန် ၁၆ ရက်မှာ လမ်းဖောက်လုပ်တဲ့ အဖွဲ့အစည်းတွေကတဖက် ဒေသခံတွေကတဖက် နေရာယူကာ ဒုတိယအကြိမ်ဆန္ဒပြပွဲဖြစ်ပွားခဲ့ပြီး အဆိုပါဆန္ဒပြမှုအတွင်း သတ်မှတ်စည်းကိုမကျော်ဘဲ မှတ်တမ်းယူနေတဲ့ လေသာရွာသားတဦးကို မြို့နယ်ပကဖ ဒုတာဝန်ခံက ကိုယ်ထိလက်ရောက် ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထီးချိုင့်မြို့နယ်ပအဖတာဝန်ခံကတော့ တော်လှန်ရေးကာလပြီးရင် စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေအောင် ကျေးရွာတွေအတွက် ကုန်ထုတ်လမ်းတွေ အဓိကထားဖောက်လုပ်ပေးနေတာဖြစ်ပြီး လမ်းမဖောက်လုပ်ခင်မှာ လယ်ပိုင်ရှင်တွေကို မြေယာလျော်ကြေးအဖြစ် ကာလပေါက်စျေးထက်ပိုပေးပြီး ညှိနှိုင်းပေမယ့် အဆင်မပြေခဲ့ဘူးလို့ ပြောပါတယ်။

ဆူးပုံချောင်ရွာမှာ အင်းတိန်-ဆူးပုံချောင် ၁၂ ပေအကျယ် ကျေးရွာချင်းဆက်လမ်းတလမ်း၊ ဇီးဖြူကျင်းရွာနဲ့ အင်ကြင်းကုန်းရွာတွေကို သွားရောက်နိုင်တဲ့လမ်းတွေရှိပြီး ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းကိုတော့ အဆိုပါရွာတွေကနေတဆင့် သွားရောက်ရတာပါ။ 

“ ကျနော်တို့က မြို့နယ်အုပ်ချုပ်ရေးဆိုဒ်ကကြည့်တော့ တရွာလုံးရဲ့အနေထားကို ကြည့်မှာလား၊ ၃ ဦး ရဲ့အနေထားကို ကြည့်မှာလား ၂ ဖက်ကြည့်တဲ့အခါမှာ ရွာရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ ရွာရဲ့ဝင်ရေးထွက်ရေး အဆင်ပြေရေးကိစ္စကို ဦးတည်ပြီးမှ အဲ့လမ်းကို ဖောက်လုပ်ခဲ့တာဖြစ်တယ်” လို့ ထီးချိုင့်မြို့နယ်ပအဖ တာဝန်ခံက ပြောပါတယ်။

အင်းတိန်ရွာသားတွေကလည်း အခုလက်ရှိဖောက်လုပ်နေတဲ့လမ်းဟာ ကုန်သွယ်ရေးအတွက် အရေးပါတဲ့လမ်းကြောင်းမဟုတ်သလို မဖြစ်မနေဖောက် လုပ်ရမယ့် လမ်းမဟုတ်တဲ့အတွက် လယ်ပိုင်ရှင်တွေအနေနဲ့ကလည်း ဘိုးဘွားပိုင်မြေနေရာတွေကိုဖယ်ပေးဖို့ အဆင်မပြေကြဘူးလို့ ဆိုပါတယ်။

“ အခုဖြစ်နေတာက ဆူးပုံချောင်ကို လမ်းမရစေချင်လို့မဟုတ်ဘူး၊ သူတို့တွေအနေနဲ့ လုပ်မယ်ဆိုရင်တောင် ပြည်သူတွေနဲ့ ညှိနှိုင်းရမယ်၊ အတတ်နိုင်ဆုံး အထိရှကင်းအောင် လုပ်ရမှာ။ ခုကအဲ့လိုမဟုတ်ဘဲ သူတို့လုပ်ချင်ရာလုပ်တော့ ဘယ်သူမှမကျေနပ်တော့ဘူး၊ မတရားဘူးဆိုတာသိတော့ ပိုပြီးဆူလာတာပေါ့” လို့ အင်းတိန်ရွာခံအမျိုးသားတဦးက ပြောပါတယ်။

မြို့နယ် ပအဖ၊ ပကဖ၊ ပလဖ အဖွဲ့အစည်းတွေဟာ လမ်းဖောက်လုပ်ချိန်မှာ အင်အားနဲ့ ကင်းပုန်းဝပ်တာ၊ လမ်းတလျှောက် လက်နက်ကိုင်တွေအစောင့်ထားပြီး ဖောက်လုပ်တာတွေလုပ်ခဲ့ပြီး ဆန္ဒပြပြည်သူတချို့ကိုလည်း လက်နက်တွေကိုင်ဆောင်ကာ ဖမ်းဆီးတဲ့အတွက် အဆိုပါလုပ်ရပ်တွေဟာ စစ်တပ်ဆန်ဆန် ဖမ်းဆီးတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောဆိုနေကြပါတယ်။

အခုလက်ရှိမှာ လမ်းဖောက်လုပ်မှုဆန္ဒပြဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ထီးချိုင့်မြို့နယ် အဖွဲ့အစည်းတွေဘက်က လေသာရွာသားတဦးနဲ့ အင်းတိန်ရွာသားတဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - Red Peacock ။

စာတည်း- ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ထီးချိုင့် #ပသုံးလုံး #လမ်းဖောက် #ဆန္ဒပြ #နုတ်ထွက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10