ကျွန်းလှနယ်မှာ တနေကုန်လေကြောင်းနဲ့ ပစ်ခဲ့လို့ ဒေသခံ ၈ ထောင်ကျော်ထွက်ပြေးနေရ

ကျွန်းလှနယ်မှာ တနေကုန်လေကြောင်းနဲ့ ပစ်ခဲ့လို့ ဒေသခံ ၈ ထောင်ကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်က ရွာတွေကို စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်တဲ့အတွက် ဒေသခံ ၈၀၀၀ကျော် ထွက်ပြေးနေရတယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။ 

ဒီဇင်ဘာလ ၁၂ ရက် ဒီမနက်အစောပိုင်း ၁ နာရီဝန်းကျင်နဲ့ မနက် ၉နာရီဝန်းကျင်လောက်မှာ တပူတောရွာအနီးကို တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာပေါ်ကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး မနက် ၈ နာရီ ၅၁ မိနစ်မှာ လိပ်ဆင်းတောင်နဲ့ အေးချမ်းသာရွာကြား ဗုံး ၃ လုံး၊ မနက် ၉ နာရီ ၆ မိနစ်မှာ  အေးချမ်းသာရွာနဲ့အင်းလှရွာကြား ဗုံး ၃ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒါ့အပြင် မနက် ၁၀ နာရီ ၂၀ မိနစ်ခန့်မှာ အေးချမ်းသာရွာနဲ့ သရက်ပင်ရွာကြားကို ဗုံး ၂ လုံး၊ မနက် ၁၁ နာရီ ၄၆ မိနစ်မှာ ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းဘက်က တက်လာတဲ့ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်ပေါ်ကနေ အင်လှရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

အဲ့ဒီနောက် မနက် ၁၁ နာရီ ၅၆ မိနစ်မှာ လိပ်ဆင်းတောင်နဲ့ အေးချမ်းသာရွာအနီး၊ မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်မှာ အင်းလှရွာအနောက်ဘက်တို့ကို ပစ်ခတ်ခဲ့ကာ ညနေ ၄ နာရီခန့်မှာလည်း Mi-35 ရဟာတ်ယာဥ်နဲ့ အင်းလှရွာဘက်ကို ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာလို့ သိရပါတယ်။ 

"ကျနော်တို့ ဘာကြောင့်ပစ်တယ်ဆိုတဲ့ အကြောင်းအရင်းအတိအကျ မသိရပါဘူး။ နှစ်ဖက်ထိတွေ့မှုမရှိဘဲ အကြောင်းမဲ့ ပစ်သွားတာဆိုတော့ ဘာကြောင့်ဆိုတာ ပြောဖို့ခက်ပါတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူပိုင်နေအိမ်တွေ ထိခိုက်မှုရှိခဲ့တယ်လို့လည်း ကြားရပါတယ်"လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံကပြောပါတယ်။

စစ်ကောင်စီဘက်က ဂျက်ဖိုက်တာရော ရဟတ်ယာဥ်နဲ့ပါ လာရောက်ပစ်ခတ်နေတာကြောင့် အင်းလှရွာအနီးမှာ ကုန်တင်ယာဥ် ၂ စီးနဲ့ ဆိုင်ကယ်တစီးပျက်စီးထားပြီး နေအိမ်တွေ ပျက်စီးမှုနဲ့ ဒေသခံတွေ ထိခိုက်မှုအခြေနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

"အဲ့ဘက်ခြမ်းမှာ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေမရှိသလို အခြေစိုက်ထားတဲ့ စခန်းတွေလည်း မရှိဘူး။ ဒါကို စကစဘက်က ဘာသတင်းရလို့ ဒီလောက်လာပစ်နေတယ်ဆိုတာတော့ မသိရသေးဘူး" လို့ ကျွန်းလှမြို့နယ် ပကဖ တာဝန်ရှိသူ ကိုချမ်းက ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းသုံး ပစ်ခတ်တိုက်ခိုက်နေလို့ တပူတော၊ လိပ်ဆင်းတောင်၊ အေးချမ်းသာနဲ့ အင်းလှ၊ မြနှစ်၊ ကျွဲတဲ အပါအဝင် ကျေးရွာပေါင်း ၇ ရွာလောက်က ဒေသခံ ၈၀၀၀ ကျော်ထွက်ပြေးနေရတာပါ။ 

အောက်တိုဘာလ ၉ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ငှက်ပျော်တိုင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PDF အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီဘက်က MI-35 အသုံးပြုပြီး ၃ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ကျွန်းလှ #စစ်ကောင်စီ #လေကြောင်း #တိုက်ခိုက် #ဒေသခံ #ထွက်ပြေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10