သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်ကျေးရွာအုပ်စု၊ ဘအင်းသရက်တောရွာက နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ပြီး အမျိုးသမီး ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ကျွန်းလှမြို့နယ်ပကဖအဖွဲ့ထံက သိရပါတယ်။
နိုဝင်ဘာ ၈ ရက် မနေ့မနက် ၇ နာရီကျော်မှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအင်အား ၁၅၀ ခန့်ဟာ ကျေးရွာထဲကို ဝင်ရောက်လာချိန် နယ်မြေခံ PDF အဖွဲ့ဝင်အချို့နဲ့ တိုက်ပွဲ ၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး အဲ့ဒီနောက် နေအိမ်တွေကို မီးရှို့သွားတာလို့ ဆိုပါတယ်။
" နယ်မြေခံအဖွဲ့တွေရှိလို့တော့ မဟုတ်ဘူး။ ရွာကို မီးရှို့ချင်လို့ကိုလာတာ။ အဲဒီရွာတွေကို ငြိုးနေတာကြာပြီ။ PDF တွေကိုထောက်ပံ့တယ် ဘာဖြစ်တာညာဖြစ်တယ်ဆိုပြီး ငြိုးနေတာ။ အဲလိုတော့ကြားထားတယ်။"လို့ ကျွန်းလှမြို့နယ်ပကဖတာဝန်ခံ ကိုချမ်းက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ PDF အဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မရှိခဲ့ဘဲ စစ်ကြောင်းရွာထဲဝင်လာချိန် ကျေးရွာထိပ်မှာ ကွမ်းရွက်ခူးနေတဲ့ အသက် ၃၀ ကနေ ၅၀ ကြားအမျိုးသမီး ၃ ဦး ကို တွေ့ရှိပြီး ဖမ်းခေါ်သွားကာ နိုဝင်ဘာ ၉ ရက် ဒီကနေ့အထိ ပြန်လွတ်မလာသေးဘူးလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့ဟာ ကျေးရွာအတွင်းက နေအိမ် ၁၂ လုံးကိုမီးရှို့သွားခဲ့ပြီး နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ စားသောက်စရာတွေအပြင် အဝတ်အထည်တွေကို ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။
ဘအင်းသရက်တောကျေးရွာကို ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူ၊ အမှတ် ၆၀၀၆ တင့်ကားတပ်၊ ကျွန်းလှမြို့နဲ့ ပေကုန်းကျေးရွာပျူစောထီးပူးပေါင်းအဖွဲ့တွေဖြစ်ကာ ယမန်နေ့ညနေပိုင်းမှာ ပေကုန်းရွာကနေတဆင့် ကျွန်းလှမြို့ဘက်ကို ပြန်ထွက်သွားပြီး ၎င်းတို့ ဖမ်းဆီးသွားတဲ့ အမျိုးသမီး ၃ ဦးရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို မသိရသေးပါဘူး။
အိမ်ခြေ ၁၀၀ ကျော်သာရှိတဲ့ အဆိုပါရွာဟာ ပျူစောထီးစခန်းတွေအခြေစိုက်ထားတဲ့ ကံပေါက်ရွာနဲ့ ၂ မိုင်ခန့်သာကွာဝေးတာကြောင့် ရွာခံတွေအနေနဲ့ ရွာမှာအတည်တကျမနေရဲဘဲ ရွေ့လျားနေထိုင်နေရတယ်လို့ သိရပါတယ်။
အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းပိုင်းမှာ စစ်ကောင်စီတပ်က ကန့်ဘလူနယ်ကျေးရွာတွေက ဒေသခံ ၂၀၀ နီးပါးကို ၆၀၀၆ တင့်ကားတပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲ့ဒီဒေသခံတွေလည်း အဆက်အသွယ် ပြတ်တောက်နေတယ်လို့ သိရပါတယ်။
ပုံစာ - ဝါသဝလက်အောက်ခံ ကန့်ဘလူ၊ ကျွန်းလှ ပျူစောထီးတပ်ဖွဲ့ဝင်များ။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#စစ်ကိုင်း #ကန့်ဘလူ #ဝါသဝ #အမျိုးသမီး #ဖမ်းဆီး
Share Share Share