ကျွဲပွဲရဲစခန်းမှူး၊ နယ်ထိန်းတွေနဲ့ သတင်းပေးကိုဖြိုးက ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေ

ကျွဲပွဲရဲစခန်းမှူး၊ နယ်ထိန်းတွေနဲ့ သတင်းပေးကိုဖြိုးက ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲရဲစခန်းအပိုင်ရှိ ကျေးရွာတွေမှာ ကျွဲပွဲရဲစခန်းမှူး ရဲအုပ်ကျော်ကျော်၊ နယ်ထိန်းတွေနဲ့ သတင်းပေးကိုဖြိုးတို့ပေါင်းကာ ဒေသခံတွေကို ဖမ်းဆီးငွေညှစ်နေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ဧပြီလခန့်ကစတင်ကာ ရဲအုပ်ကျော်ကျော်၊ နယ်ထိန်း ရဲတွေနဲ့ သတင်းပေးကိုဖြိုးတို့အဖွဲ့ဟာ ဒေသခံတွေကို အကြောင်းမဲ့ဖမ်းဆီးပြီးနောက် ငွေကျပ် သိန်း ၂၀ မှ သိန်း ၅၀ အထိတောင်းယူပြီး မပေးနိုင်တဲ့သူတွေကို စစ်မှုထမ်းခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။ 

"သစ်မှောင်ခိုသမား ကိုဖြိုးက ပစ္စတိုတလက်ကိုင်ထားပြီး သူနဲ့မတည့်တဲ့သူတွေကို ရဲနဲ့ပေါင်းဖမ်းခိုင်းတယ်။ ပြီးရင် ငွေညှစ်တယ်။ ငွေမပေးနိုင်သူတွေကို စစ်မှုထမ်းဖို့ဆိုပြီး စစ်တပ်တွေကို လိုက်ပို့တာတွေလုပ်နေတယ် "လို့ ကိုယ်တိုင်ငွေညှစ်ခံရတဲ့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတွေကို ဖမ်းဆီးပြီးနောက် အချုပ်ထဲထည့်ထားကာ အရက်မူးလာတိုင်း အချုပ်သားတွေကို အချူပ်ထဲထိ ဝင်ရောက်ကာ အကြောင်းမဲ့ရိုက်နှက်တာတွေရှိတယ်လို့လည်း ကိုယ်တိုင်ရိုက်နှက်ခံသူတွေက ဆိုပါတယ်။

အဆိုပါ စစ်မှုထမ်းကိစ္စအကြောင်းပြ ငွေညှစ်နေတာနဲ့ပတ်သက်ပြီး ရဲအုပ်ကျော်ကျော်၊ နယ်ထိန်း ဝတုတ်၊ မျိုးလွင်ဦး၊ ဝေဇင်ထွန်းနဲ့ သတင်းပေးကိုဖြိုးတို့က ‘ငါတို့လုပ်နေတာနဲ့ပတ်သက်ပြီး ကြိုက်တဲ့နေရာတိုင်ကြပါစေ။ ငါတို့က အားလုံးပိုင်တယ်’ ဆိုပြီး ကြွေးကြော်ထားကြသူတွေလည်းဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

စစ်မှုထမ်းဥပဒေအကြောင်းပြကာ ၎င်းတို့ရဲ့ ငွေညှစ်တာခံရတဲ့ ဒေသခံ ၁၀၀ နီးပါးအထိရှိပြီး ငွေမပေးနိုင်လို့ စစ်မှုထမ်းလိုက်ရတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။ 

သတင်းပေးကိုဖြိုးဆိုသူဟာ သရက်တောကျေးရွာနဲ့ ကရင်ကျေးရွာအကြား အမြန်လမ်းမိုင်တိုင် ၁၂၇/၅ နဲ့ ၁၂၇/၆ အကြားမှာ နေထိုင်ပြီး သစ်မှောင်ခို၊ မီးသွေးမှောင်ခိုလုပ်ငန်းနဲ့ လောင်းကစားဝိုင်းတွေ လုပ်ကိုင်ကာ အုတ်တွင်း မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ စစ်တပ် တပ်ရင်းမှူးတွေထိ ငွေပေးပေါင်းထားလို့ မှောင်ခိုလုပ်ငန်းတွေကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်ခွင့်ရနေသူတဦးလည်းဖြစ်ပါတယ်။ 

ရဲအုပ်ကျော်ကျော်နဲ့အဖွဲ့ရဲ့ လုပ်ရပ်ကြောင့် ဒေသခံတွေဟာ ဘယ်အချိန်အကြောင်းမဲ့ဖမ်းဆီးခံရပြီး ငွေညှစ်ရိုက်နှက်ခံရမလဲဆိုကာ စိုးရိမ်ထိတ်လန့်စွာ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီကတော့ ပြည်သူစစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး အဂတိလိုက် စားသူ၊ မတရားလုပ်သူတွေကို အရေးယူသွားမယ်လို့ သတင်းထုတ်ပြန်ထားသလို ဆက်သွယ်တိုင်ကြားနိုင်မယ့် ဖုန်းနံပါတ်တွေကို ထုတ်ပြန်ပေးထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံ စစ်ကောင်စီတပ်သား၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ သတင်းပေးတွေရဲ့ စစ်မှုထမ်းကိစ္စ အကြောင်းပြငွေညှစ်နေတဲ့ လုပ်ရပ်တွေကိုတော့ အရေးယူထားကြောင်း ဒီနေ့အချိန်ထိ သတင်းထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #အုတ်တွင်း #ကျွဲပွဲ #ရဲစခန်းမှူး #နယ်ထိန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10