ကျွဲရိုင်းပြင် စစ်တောင်းမြစ်ကူးတံတားက စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံးဟုဆို

ကျွဲရိုင်းပြင် စစ်တောင်းမြစ်ကူးတံတားက စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံးဟုဆို

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကျွဲရိုင်းပြင်ကျေးရွာက စစ်တောင်းမြစ်ကူးတံတားပေါ်မှာရှိနေတဲ့ စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံးသွားတယ်လို့ ရေတာရှည်ပကဖထံက သိရပါတယ်။

ဇူလိုင် ၁၀ ရက် မနက် ၇ နာရီကျော်ခန့်မှာ ခလရ ၃၃၀ အပါအဝင်၊ အမြောက်တပ်တွေနဲ့ နယ်မြေခံ ပူးပေါင်းတပ် အင်အား ၁၀၀ ကျော်လောက်ရှိနေတဲ့ စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"သွားပစ်တာကတော့ သိပ်မကြာဘူး။ နာရီဝက်လောက်ပဲ။ တံတားမှာ သူတို့အင်အားများနေတာက စစ်ကြောင်းထိုးဖို့လား အရေးကြီးသတင်းရလို့လား မသိဘူး လူများနေတာ။ ခါတိုင်းတော့ အဲ့လောက်မရှိဘူး" လို့ ရေတာရှည်မြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

စနိုက်ပါနဲ့အပစ်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦးဟာ နေရာမှာပဲ သေဆုံးသွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးတွေ ပြန်ပစ်ခဲ့ပြီး ညပိုင်းထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄၊ တပ်ခွဲ ၆၊ ရေတာရှည်မြိုနယ်ပကဖနဲ့ ပူးပေါင်းစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

အဆိုပါ ကျွဲရိုင်းပြင်တံတားဟာ စစ်တောင်းမြစ်အရှေ့နဲ့အနောက် ဆက်သွယ်ထားတဲ့ တံတားဖြစ်ပြီး ကရင်၊ ပဲခူးတိုင်းနဲ့ ကယားပြည်နယ်တွေထဲက မြို့နယ်တွေကို သွားလာဖို့ အရေးပါတဲ့တံတားတခုဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၅ ရက်ကနေ ၉ ရက်အတွင်း ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ အိုးမြေတူးရွာမှာ အင်အား ၁၅၀ လောက်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၁၀ ဦးကျော်သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ 

#ပဲခူးတိုင်းဒေသကြီး #ရေတာရှည်မြို့နယ် #ကျွဲရိုင်းပြင်ကျေးရွာ #စစ်တောင်း #တံတား #စနိုက်ပါ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10