ကြည်း၊ လေနဲ့ ပူးပေါင်းပြီး မြစ်တွင်းစစ်ဆင်ရေးတွေပါ ဆင်နွှဲလာရကြောင်း ရေချုပ်အသစ် ထုတ်ပြော

ကြည်း၊ လေနဲ့ ပူးပေါင်းပြီး မြစ်တွင်းစစ်ဆင်ရေးတွေပါ ဆင်နွှဲလာရကြောင်း ရေချုပ်အသစ် ထုတ်ပြော

ရေတပ်အနေနဲ့ ကြည်းတပ်၊ လေတပ်နဲ့ပူးပေါင်းပြီး ပင်လယ်ပြင်စစ်ဆင်ရေးသာမက မြစ်တွင်းစစ်ဆင်ရေးတွေပါ ဆင်နွှဲနေရတယ်လို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်က ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့၊ သန်လျင်ရေတပ်လေ့ကျင့်ရေးဌာနချုပ်မှာ ဇန်နဝါရီ ၂၅ ရက် မနေ့ကပြုလုပ်တဲ့ ရေတပ်အရာရှိငယ် အင်ဂျင်နီယာသင်တန်းဆင်းပွဲမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုမှုကို ဒီကနေ့ထုတ် စစ်ကောင်စီထိန်းချုပ်သတင်းစာတွေမှာ ဖော်ပြလာတာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့စစ်ရေးအခြေအနေတွေအရ တပ်မတော်(ရေ)အနေနဲ့ တပ်မတော်(ကြည်း)၊ (လေ)တို့နဲ့အတူ စစ်ဆင်ရေးနဲ့ စစ်ဘက်သယ်ယူပို့ဆောင်ရေးတာဝန်တွေကို ရခိုင်ပြည်နယ်၊ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြောင်းတလျှောက် ထမ်းဆောင်နေရကြောင်း၊ ပင်လယ်ပြင်စစ်ဆင်ရေးသာမက မြစ်တွင်းစစ်ဆင်ရေး(Riverine Operation)များကိုပါ ဆင်နွှဲနေတာဖြစ်လို့ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်တဲ့ခေါင်းဆောင်တွေဖြစ်ကြဖို့ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်တယ်လို့ ရေတပ်ချုပ်က ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မင်းပြား၊ ပေါက်တော၊ ရသေ့တောင်မြို့နယ်တွေက တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းတွေနဲ့တိုက်ခိုက်တာ၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေအပြင် ရေတပ်သင်္ဘောတွေပါအသုံးပြုပြီး အပြင်းအထန်ခုခံတိုက်ခိုက်နေရတာပါ။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း အကြီးဆုံးရေတပ်ဖြစ်တဲ့ ကျောက်ဖြူမြို့ရှိ ဓညဝတီရေတပ်စခန်းဌာနချုပ်ကို အခုလ ၈ ရက်မှာ AA တပ်က တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်မှာလည်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ဟာ အခုဇန်နဝါရီလဆန်းပိုင်းမှာ စစ်ဦးစီးချုပ်(ရေ)ရာထူးကနေ ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ်တိုးမြှင့်ခန့်အပ်ခံခဲ့ရပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)ဖြစ်လာပြီးနောက် ပထမဆုံးတက်ရောက်တဲ့ သင်တန်းဆင်းပွဲလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

#ရေတပ်ချုပ် #ဒုဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် #သန်လျင်ရေတပ် #သင်တန်းဆင်းပွဲ ##မြစ်တွင်းစစ်ဆင်ရေး #ပူးပေါင်းတိုက်ခိုက်မှု #ထုတ်ဖော်ပြော #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10