ကြားကာလပညာရေး အထက်တန်းပြီးသွားသူများ အဆင့်မြင့်ပညာရေးဆက်လက်သင်ယူဖို့ အခွင့်အလမ်းနည်းပါးနေ

ကြားကာလပညာရေး အထက်တန်းပြီးသွားသူများ အဆင့်မြင့်ပညာရေးဆက်လက်သင်ယူဖို့ အခွင့်အလမ်းနည်းပါးနေ

PDF အားကောင်းတဲ့အညာဒေသ မြေပြင်မှာ ကြားကာလစာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေပြီး  Basic Education Completion Assessment (BECA) ဖြေဆိုပြီးသွားရင် အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ယူဖို့ ခက်ခဲနေတယ်လို့ ကျောင်းဆရာတွေဆီက သိရပါတယ်။

ကြားကာလစာသင်ကျောင်းတွေမှာ BECA ဖြေဆိုပြီးရင် ဆက်လက်စာသင်ကြားစရာ အတန်း မရှိတော့တဲ့အတွက် စာသင်ကြားမှုရပ်တန့်သွားပြီး တချို့‌ကျောင်းသားတွေက ပညာတပိုင်းတစနဲ့ လုပ်ငန်းခွင်ထဲ ရောက်ကုန်ကြတယ်လို့ ဆိုပါတယ်။

“G-11ဖြေပြီးရင် ကျောင်းသားတွေမှာ ပညာရေးကို ရှေ့ဆက်သွားဖို့ ရပ်တန့်သွားပြီ၊ စာမေးပွဲဖြေပြီးသွားတဲ့ ကလေးတွေမှာက နောက်ဆက်တွဲသင်တန်းမရှိဘူး၊ မရှိတော့ ပညာသင်မှု ဆုံးရှုံးတယ်။” လို့ မြောင်မြို့နယ်ထဲက ကျောင်းဆရာတဦးက ပြောပါတယ်။

ဒါ့အပြင် စနစ်သစ်စာသင်ကြားရေးမှာ G-12 အဆင့်ထိရှိပေမယ့် G-12 သင်ရိုးက မထွက်သေးတဲ့အတွက် သင်ကြားမှုပိုင်းမှာလည်း အခက်ကြုံနေရတယ်လို့ သိရပါတယ်။

“G-12က စကစကျောင်းတွေမှာ သင်ရိုးစာအုပ်တွေထွက်တယ်၊ ဒါပေမယ့် MOE ကကျတော့ G-12 သင်ရိုးမထွက်သေးဘူး၊ ကလေးတွေတချို့က G-12 ရောက်နေပြီ၊ သူတို့တွေကကျတော့ စကစဆီက အရင်စာအုပ်နဲ့ပဲ သင်ရမလား၊ နောက်စာအုပ်ပဲစောင့်ရမလား ကိုးလိုးကန့်လန့်ဖြစ်နေတယ်။”လို့ မြောင်မြို့နယ်ထဲက ကျောင်းဆရာတဦးက ပြောပါတယ်။

BECA ဖြေဆိုပြီးတဲ့ ကလေးတွေထဲက တချို့က ကြားကာလစာသင်ကျောင်းတွေမှာ volunteer ပြန်လုပ်ပေးနေပြီး တချို့ကတော့ အလုပ်အကိုင်ပေါတဲ့ မြို့ပေါ်တွေကို ထွက်သွားကြကာ တချို့ကတော့ မိဘလုပ်ငန်းတွေမှာ ပြန်လည်ကူညီနေပြီး ပညာရေးတပိုင်းတစတွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။

အဆိုပါ ကျောင်းသားတွေအတွက် နွေဦးတက္ကသိုလ်နဲ့ ချိတ်ဆက်သင်ကြားနိုင်ဖို့ လုပ်ဆောင်နေပေမယ့် အင်တာနက် ခက်ခဲတဲ့နေရာဒေသမှာဝောာ့ တက်ရောက်ဖို့ အခက်ခဲရှိနေကာ မြေပြင် ရွေ့လျားကောလိပ်တွေ ဖွင့်လှစ်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံဆရာတဦးကလည်း ဆိုပါတယ်။

အခုလက်ရှိ မြေပြင်မှာ ကြားကာလစာသင်ကျောင်းတွေ ဖွင့်လှစ်ထားပေမယ့် ပညာရေးဏ္ဍအနေနဲ့ ထောက်ပံ့ပေးနိုင်မှု အားနည်းနေကာ ဆရာ၊ ဆရာမ ဝန်ထမ်းလစာနဲ့ သင်ရိုးစာအုပ်တွေ လုံလောက်အောင် ပေးနိုင်မှုမရှိသေးဘူးလို့ ကျောင်းဆရာတွေဆီက သိရပါတယ်။

ပုံစာ - G-10 ဖြေဆိုနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ကတွေ့ရစဉ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပညာရေး #နွေဦးတော်လှန်ရေး #ကြားကာလပညာရေး #လူငယ် #အဆင့်မြင့်ပညာရေး #အခွင့်အလမ်း #အညာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10