ကြားကာလပြည်သူ့အခြေပြုကျောင်း ၂၀ ကျော်ပါဝင်တဲ့ စကားရည်လုပွဲကျင်းပ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မြို့နယ်လုံးဆိုင်ရာ စကားရည်လုပြိုင်ပွဲကျင်းပခဲ့ပြီး ကြားကာလ ပြည်သူ့အခြေပြုကျောင်းပေါင်း ၂၀ ကျော်က ကျောင်းသားတွေ ပါဝင်ယှဥ်ပြိုင်ခဲ့ကြတယ်လို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တာဝန်ခံဆီက သိရပါတယ်။

ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းခြင်း ၃ နှစ်ပြည့်အနေနဲ့ ကျင်းပခဲ့တာဖြစ်ပြီး ကျောင်းသားတွေအနေနဲ့ ပြင်ပဗဟုသုတတွေ၊ နိုင်ငံရေးအတွေးအခေါ်တွေ ကျယ်ပြန့်လာဖို့၊ စကားပြောစွမ်းရည်တွေ တိုးတက်လာဖို့ ရည်ရွယ်ပြီး ပြိုင်ပွဲလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျောင်းသားတွေ ဒီကျောင်းသားနိုင်ငံရေးမှာ ပါသင့်မပါသင့်၊ လက်နက်ကိုင်တော်လှန်ရေးရဲ့ ကောင်းကျိုးဆိုးကျိုးတွေ၊ လက်ရှိပညာရေးစနစ်၊ တော်လှန်ရေးခေါင်းဆောင်တွေအပေါ် ဝေဖန်ချက်တွေနဲ့ စကားရည်လုခေါင်းစဥ်တွေ သတ်မှတ်ပြီးတော့ စကားရည်လုပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့တာပါ။”လို့ အဖွဲ့တာဝန်ခံ ကိုဟန်မင်းစိုးက ပြောပါတယ်။

ကျောင်းပေါင်း ၂၀ ကျော်က အထက်တန်းအဆင့် ကျောင်းသား ၅၀၀ နီးပါး ပြိုင်ပွဲတက်ရောက်ခဲ့ပြီး အဲ့ဒီထဲက ကျောင်းသား ၁၂၀ ပါဝင်ယှဥ်ပြိုင်ခဲ့ကာ စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်ထိ ၃ ရက်ကြာ ပြိုင်ပွဲကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ စကားရည်လုပြိုင်ပွဲကို ဝက်လက်မြို့နယ် ဗကသ အလုပ်အမှုဆောင်အဖွဲ့က ဦးစီးပြီး မြို့နယ်ပညာရေးဘုတ်အဖွဲ့က အကဲဖြတ်ဒိုင်၊ ရွှေဘိုခရိုင် တပ်ရင်း ၁၊ ရပ်ကျေးပကဖနဲ့ တိုက်နယ်ပကဖက လုံခြုံရေး၊ ရပ်ကျေး ပအဖအဖွဲ့က ပွဲဖြစ်မြောက်ရေး အသီးသီးတာဝန်ယူ ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ စကားရည်လုပြိုင်ပွဲဟာ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ပထမဆုံးကျင်းပခဲ့တဲ့ ပြိုင်ပွဲဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေတွေ တက်ရောက်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။ 

တည်းဖြတ် - လင်း၊ တည်းဖြတ် (HP)

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #စကားရည်လုပြိုင်ပွဲ #ကြားကာလပညာရေးကျောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10