ကြို့ပင်ကောက်က လူငယ် ၂၅ ဦး စစ်တပ်က အတင်းအဓမ္မဖမ်းဆီးပြီး စစ်သင်တန်းပို့

ကြို့ပင်ကောက်က လူငယ် ၂၅ ဦး စစ်တပ်က အတင်းအဓမ္မဖမ်းဆီးပြီး စစ်သင်တန်းပို့

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်းက လူငယ် ၂၅ ဦးကို စစ်တပ်ကဖမ်းဆီးပြီးနောက် စစ်သင်တန်းကို ပို့ဆောင်လိုက်တယ်လို့ ဖမ်းဆီးခံရပြီး စစ်သင်တန်းပို့ခံရသူမိသားစုဝင်တွေထံက သိရပါတယ်။

အောက်တိုဘာ ၁၆ ရက် ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ ဖမ်းဆီးထားတဲ့ လူငယ်တွေကို စစ်ကားတွေနဲ့တင်ပြီး ပဲခူးက စစ်ကောင်စီ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ဝဲကလိစစ်သင်တန်းကျောင်းတွေကို ပို့ခံလိုက်ရတယ်လို့ ဆိုပါတယ်။

"ကြို့ပင်ကောက်ရဲစခန်းမှာ ဖမ်းထားပြီး ကလေးက တညအိပ်လိုက်ရတယ်။ နောက်တရက် မနက် ၉ နာရီ လောက် အတွေ့ခံမယ်ဆိုလို့ ညှိမယ်ပေါ့။ ငွေဖြင့်ငွေ လူစားထိုးမယ်ဆိုလည်း ထိုးမယ်လို့ သူတို့က ပြောလွှတ်လိုက်လို့ အေးရာအေးကြောင်း ပြန်လာကြတယ်။ ညှိလို့ရမယ်ဘဲထင်တာ။ မနက်လောက်ကျတော့ ထသွားတော့ ကလေးတွေကို ကားတွေနဲ့ခေါ်သွားပြီးဆိုတာသိရတာ" လို့ ဖမ်းဆီးခံရသူ ၁ ဦးရဲ့ မိသားစုဝင် အမျိုးသမီး ၁ ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခံလူငယ်တွေကို စစ်သင်တန်းကျောင်းပို့ချိန် လူငယ်တွေက အောက်တိုဘာ ၁၆ ရက်မှာ မိသားစုဝင်တွေနဲ့ ဖုန်းခဏသာပြောခွင့်ရပြီးနောက်ပိုင်း အဆက်အသွယ်ပြတ်ကာ ဒီနေ့အချိန်ထိ ထပ်ပြီး အဆက်မသွယ်မရကြတော့ဘူးလို့ ဆိုပါတယ်။

"မိခင်တယောက်အနေနဲ့ကတော့ မတရားဖမ်းဆီးခံရတဲ့ ကိုယ့်ကလေးအတွက် ပူလောင်ရတယ်။ တော်တော်လေးကိုမှ အိပ်မပျော် စားမဝင်ဖြစ်ရတယ်။ ကြေကွဲရတာပေါ့။  နှမြောတာပေါ့၊ ကိုယ့်သားလေးကို။ သတင်းအစအနလေးကြားရရင်တောင် တော်သေးတယ်လေ။ သတင်းအစနလည်း မရ အဆက်အသွယ်လည်း ဖြတ်ခံထားရတာ" လို့ အဆိုပါမိခင်က ဆက်ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ကြို့ပင်ကောက်အရှေ့ဘက် ကျွန်းကုန်းအုပ်စုနဲ့ မကျည်းရွာက လူငယ်တွေပါဝင်တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံရသူတွေအများစုက ကျေးရွာဘက်က အသက် ၂၀ ကနေ ၃၀ ကြားလူငယ် အများစုဖြစ်ပြီး ကျေးရွာတွေကနေ မြို့ပေါ်တက်လာချိန် လမ်းခရီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ဆေးရေးလုပ်ပြီး ဖမ်းဆီးတာနဲ့ နေအိမ်တွေကနေ ဝင်ရောက်ဖမ်းဆီးသွားတဲ့လူငယ်တွေ ဖြစ်ကြပါတယ်။

မိသားစုဝင်အချို့ရဲ့ စုံစမ်းသိရှိချက်အရ အဆိုပါလူငယ် ၂၅ ဦးဟာ စစ်မှုထမ်းအပတ်စဥ် ၆ အတွက် စစ်သင်တန်းတွေကို ပို့ဆောင်ခံလိုက်ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့မတ်လကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကိုအတည်ပြုလိုက်ပြီးနောက် နိုင်ငံအနှံမှာ စစ်မှုထမ်းရဖို့ လူငယ်တွေကို နည်းလမ်းပေါင်းစုံသုံးဖမ်းဆီးကာ စစ်သင်တန်းပို့ဆောင်နေတာပါ။

အခုနှစ် ဧပြီလကစတင်ပြီး အောက်တိုဘာလအထိ စစ်ကောင်စီဘက်က ပြည်သူ့စစ်မှုထမ်းအပတ်စဥ် ၆ ထိဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကြို့ပင်ကောက် #စစ်တပ် #စစ်မှုထမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10