သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးတွေ ခြိမ်းခြောက်ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်မှုထမ်းကြေးမပေးနိုင်ရင် နေအိမ်ကို စစ်တပ်လွှတ်ပြီးဖမ်းဆီးခိုင်းမှာဖြစ်ပြီး စစ်တပ်ကဖမ်းဆီးရင် တာဝန်မယူဘူးဆိုကာ ခြိမ်းခြောက်ကောက်ခံတာတွေရှိနေတယ်လို့ ဆိုပါတယ်။
"စစ်မှုထမ်းရမယ်။ အကယ်လို့မပေးရင် လာဆွဲမယ်လို့ပြောတယ်။ အဆွဲမခံနိုင်ရင်ပေးပေါ့။ ပြီးတော့ခွဲတမ်းချလိုက်တယ်။ အစည်းအဝေးက ဘုန်းကြီးကျောင်းမှာခေါ်ပြီး ပြောတယ်။ ပေးမှာလား၊ မပေးဘူးဆိုရင် စာရင်းထည့်လိုက်တော့မယ်၊ မပေးရင် လာဖမ်းခိုင်းမယ် အဲ့လိုပြောတယ်။"လို့ ပုတိမ်ဝန်ရွာခံ အမျိုးသမီး တဦးကပြောပါတယ်။
ပုတိမ်ဝန်ကျေးရွာဟာ စစ်မှုထမ်းအပတ်စဉ် ၁ ခုအတွက် စစ်မှုထမ်း ၁ ယောက်နှုန်းပေးရမှာကို မပေးလိုတာကြောင့် အုပ်ချုပ်ရေးမှူး ဦးဇော်လေးနဲ့ အပေါင်းအပါတွေ ကောက်ခံတဲ့ငွေကြေးကို ၂၀၂၄ စက်တင်ဘာလကစပြီး ကျေးရွာခံတွေက ထည့်ဝင်ပေးနေရပါတယ်။ လာမယ့်စစ်မှုထမ်းအပတ်စဉ် ၉ အတွက် တရွာလုံးစာ ကျပ်သိန်း ၉၀ ပေးသွင်းကြရပြီး ငွေကြေးတတ်နိုင်သူက ၁ သိန်း၊ ၁ သိန်းခွဲနဲ့ ငွေကြေးမတတ်နိုင်သူတွေက ကျပ်ငွေ ၅၀,၀၀၀နဲ့ ၇၀,၀၀၀ စီထည့်ဝင်ကြရတယ်လို့သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ်အတွင်းက စစ်ကုန်းအုပ်စု၊ ကျွန်းကုန်းအုပ်စုတွေထဲက စစ်ကုန်း၊ ကျွန်းကုန်း၊ ပုတိမ်ဝန်၊ ရှမ်းကုန်း၊ သိုးဘို၊ သဗြုပင်၊ ငွေဒါးရကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ခန့်မှာလည်း အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးကောက်ခံနေကြပြီး နေအိမ်မှာအမျိုးသားမရှိသူတွေကအစ ငွေကြေးထည့်ဝင်နေရတာကို ကြားသိရတယ်လို့ ကျွန်းကုန်းရွာခံအမျိုးသမီးတဦးက ဆိုပါတယ်။
"အခုဆို ပုံမှန်ပေးနေရတာ ၄ ခါရှိနေပြီ။ ပထမတုန်းကတော့ နည်းနည်းနဲ့အခုတော့ ၆၀,၀၀၀ ဆိုလည်းဟုတ် ၄၀,၀၀၀ ဆိုလည်းပေးရတယ်။ သား ၃ ယောက်ရှိရင် ၉၀,၀၀၀ ပေးရတယ် မဖြစ်မနေ။ အမလေး ၁ ကျပ်တောင်မလျှော့ဘူး။ အဲဒါတောင် လာကောက်တာမဟုတ်ဘူး။ သူတို့သေမှာတော့ကြောက်ပြီး မိန်းကလေးတွေစုပြီးသွားပေးရတာ။"လို့ ကျွန်းကုန်းရွာခံ အမျိုးသမီး တဦးကပြောပါတယ်။
ကျွန်းကုန်းရွာ အုပ်ချုပ်ရေးမှူးဘုန်းဇော်ဟာ ကြို့ပင်ကောက်မြို့မှာနေထိုင်တာကြောင့် ရွာခံတွေဟာ ရွာနဲ့ ၂ မိုင်ခန့်ဝေးတဲ့မြို့အထိ စစ်မှုထမ်းကြေးကို သွားပေးနေကြရပါတယ်။ ရွာခံတွေက စစ်မှုထမ်းကြေးပေးထားရပေမယ့် ကျေးရွာအတွင်းရှိနေချိန်မှာ စစ်မှုထမ်းဖို့ဖမ်းဆီးခံရတာမျိုးကိုသာ အုပ်ချုပ်ရေးမှူးတွေက တာဝန်ခံပြန်ထုတ်ပေးမှာဖြစ်ပြီး ကျေးရွာပြင်ပမှာဖမ်းဆီးခံရရင် တာဝန်မယူဘူးလို့ပြောဆိုထားတာကြောင့် အလုပ်ထွက်လုပ်ချိန်နဲ့ ကိစ္စကြီးငယ်ရှိလို့သွားလာချိန်တွေမှာ စိုးရိမ်စိတ်တွေရှိနေတယ်လို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း ကြို့ပင်ကောက်မြို့နယ်၊ ကျွန်းကုန်း၊ မကျည်းရွာတို့က လူငယ်တွေအပါအဝင် လူငယ် ၂၅ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရပြီးနောက် အားလုံးကို စစ်သင်တန်းကျောင်းတွေဆီ ပို့ဆောင်ခံလိုက်ရတယ်လို့ သိရပါတယ်။
ပုံစာ - ကြို့ပင်ကောက်မြို့နယ်က ပြည်သူ့စစ်မှုထမ်းဟောပြောပွဲ။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#ကြို့ပင်ကောက် #အုပ်ချုပ်ရေးမှူး #စစ်မှုထမ်းကြေး #ခြိမ်းခြောက်
Share Share Share